စစ်တပ်အာဏာသိမ်းပြီးကတည်းက ရန်ကုန် မန္တလေးလိုမြို့ပြတွေမှာ မိဘတွေအားထားခဲ့ရတဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းလခရော၊ ကျောင်းကားခပါ အခုစာသင်နှစ်မှာ နှစ်ဆတက်တော့မယ့်အတွက် အခက်အခဲဖြစ်နေကြပါတယ်။
ပြည်တွင်းစစ်ကြောင့်ယိုယွင်းနေတဲ့ ပညာရေးကဏ္ဍဟာ အခုနှစ်မှာတော့ အီရန်စစ်ရဲ့ရိုက်ခတ်မှုဖြစ်တဲ့ ရေနံစျေးတက်နေတဲ့အတွက်ပါ ကျောင်းကားခတွေမြင့်တက်သွားပါတယ်။
ဒါကြောင့် အခုနှစ်မှာတော့ အများပြည်သူကျောင်းကိုပဲပို့ရတော့မယ်လို့ မန္တလေးမြို့ အောင်သရဖူကျောင်း မှာသားသမီးကိုထားပေးခဲ့တဲ့ အမည်မဖော်လိုတဲ့ မိဘတစ်ယောက်က RFA ကိုပြောပါတယ်။
" များသောအားဖြင့် တော်တော်များများက အရင်တုန်းကတော့ ဈေးသက်သာလို့ ထားတာပေါ့။ ကိုယ်ပိုင် ကျောင်းလေးတွေကို။ ဒီနှစ်မှာတော့ အစ်ကိုတောင်မထားနိုင်ဘူး။ ကျောင်းကလည်း သုံးနှစ်လောက် နားလိုက် တာဆိုတော့ ဒီနှစ်မှာအရွယ်ကတော့ရောက်လာပြီ။ ငါးတန်းပဲရှိ သေးတယ်။ အဲဒီကျောင်းတွေက ဈေးတအား တက်လာတော့ အစိုးရကျောင်းပြောင်းထားရမှာပေါ့"
မန္တလေး အောင်သရဖူ အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့နှစ်က စတုတ္ထတန်းအတွက် တစ်နှစ်ကုန်ကျငွေ သိန်း ၃၀ ကျော် ရှိခဲ့ပြီး၊ အခုနှစ်မှာ ကျပ်သိန်း ၆၀ ကျော်ပေးရမယ်လို့ သူကပြောပါတယ်။
ILBC နိုင်ငံတကာကျောင်းမှာ မူကြိုတန်းကို မနှစ်က ခြောက်သိန်း ခုနှစ်သောင်း (ကျပ် ၆၆၉,၀၀၀) ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဆယ့်နှစ်သိန်းခွဲ (၁,၂၄၉,၀၀၀) အထိမြင့်တက်သွားပါတယ်။
နောက်ထပ် နိုင်ငံတကာကျောင်းတစ်ကျောင်းဖြစ်တဲ့ IPP International School မှာ မူကြိုတန်းအတွက် မနှစ်က တစ်လကို ၇၈ သိန်း ( ၇,၈၀၀,၀၀၀) ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၈၇ သိန်းနီးပါး (၈,၆၇၀,၀၀၀) တိုးမြှင့်လိုက်တယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။
ဒါကြောင့် ပညာရေးဟာ အခြေခံလူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်လို့ ရန်ကုန်မြို့က အမည် မဖော်လိုတဲ့ မိဘတစ်ယောက်က RFA ကိုပြောပါတယ်။
“လစဉ်ဆိုရင် ဒီကလေးကျောင်းစားရိတ် တစ်လ တစ်သိန်းအပြင် ကျောင်းကို သွားလာပို့ဆောင်ရတဲ့ စားရိတ် စကတွေရော တွက်ရင် KG တန်းက တစ်လတစ်သိန်းရှိတော့။ တစ်နှစ်ပတ်လုံးက ကျောင်းရာသီခွင်တစ်ခုလုံးဆို သိန်း၂၀ နီးပါးကုန်တဲ့အဆင့်ရောက်သွားတာပေါ့။ မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုးလိုဖြစ်သွားတာပေါ့"
ဆရာ/ဆရာမအများစုကသပိတ်မှောက်ထားတဲ့အတွက် အစိုးရကျောင်းလို့ ခေါ်တဲ့ အများပြည်သူကျောင်းတွေ မှာ အရည်အချင်းပြည့်တဲ့သူရှားသွားပါတယ်။ ဒါကြောင့်လည်း မိဘတွေက သားသမီးကိုပညာတတ်စေချင် တဲ့အတွက် ပုဂ္ဂလိကကျောင်းတွေကိုအားကိုးနေကြတာလို့ CDM ပညာရေးဝန်ထမ်းတစ်ယောက်က RFA ကို ပြောပါတယ်။
“အာဏာသိမ်းပြီးနောက် ပညာရေးကဏ္ဍဟာ CDM ဒုတိယအားကောင်းခဲ့တယ်။ ဆိုတော့ စစ်တပ်က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပညာရေးကို ဆက်သွားဖို့ဆို ဆွဲခန့်တွေလုပ်ရတယ်ပေါ့။ ရေတိုကာလ သင်တန်း တက်ပြီး အလယ်တန်းပြ တန်းဖြစ်တော့ ဒီဆရာမမှာ ဘယ်မှာလဲ အတွေ့အကြုံ၊ ဘယ်မှာလည်း ဝမ်းစာ။ ဆိုတော့ ပညာရေးကဏ္ဍဟာ ဆိုးဆိုးရွားရွားကို ပျက်စီးနေတာတွေ့ရတယ်။ ဒါကြောင့် နိုင်ငံတကာကျောင်း တွေကို ပြည်သူတွေက ပိုရွေးချယ်ကြတယ်”
အခုဖြစ်နေတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်တပ်ခန့်အစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတဲ့သူ မရှိပါ ဘူး။
တဘက်မှာလည်း စစ်အာဏာရှင်ကို ခုခံတော်လှန်တဲ့ဒေသတွေမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ စာသင် ကျောင်း ၄၈၇ ကျောင်းပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဧပြီလ ၃၀ ရက်နေ့ စာရင်းမှာဖော်ပြထားပါတယ်။
