ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံရွာမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားတဲ့ဖြစ်ရပ် နှစ်နှစ်ပြည့်ခဲ့ပေမယ့်၊ ခံခဲ့ရတဲ့သူတွေနဲ့ သူတို့မိသားစုတွေအတွက် အာရက္ခတပ်တော် AA က တာဝန်ယူတာ၊ ကျူးလွန်တဲ့သူတွေကိုအရးယူတာမရှိသေးဘူးလို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မေလ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂ ရက်က အဲဒီရွာနားက မြန်မာစစ်တပ်နဲ့ AA တပ်တို့တိုက်ပွဲဖြစ်တဲ့အချိန်မှာ ထွက်ပြေးဖို့ကြိုးစားတဲ့အရပ်သားတွေကို တိုက်ခိုက်ရေးသမားတွေက ပစ်ခတ်သတ်ဖြတ်တဲ့အတွက် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် အနည်းဆုံး ၁၇၀ လောက် သေဆုံးခဲ့ရသလို၊ သေကြေဒဏ်ရာရတဲ့သူ ရာကျော်ရှိနိုင်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီအပြင် ကျန်ရစ်တဲ့သူတွေကို AA ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
သတ်ဖြတ်မှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို အရေးယူပေးဖို့နဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ကိုလည်း HRW က တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ စစ်ရေးပဋိပက္ခတွေများတဲ့ လက်ရှိအချိန်မှာ AA အနေနဲ့ ဒီအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းမှာ မဟုတ်ဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေကတော့ သတ်ဖြတ်မှု ကျူးလွန်သူတွေကို အရေးယူဖို့နဲ့ နစ်နာသူတွေကို တရာမျှတမှု ဖော်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ပြောကြပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က “အဓိကကတော့ တာဝန်ခံမှု တာဝန်ယူမှု ပြီးတော့ တရားမျှတမှုတာဝန်ရှိမှု ရှိရမယ်။ ကျုးလွန်တဲ့သူတွေကို အပြစ်ပေးဖို့က အရေးကြီးတယ်။ ဆိုတော့ AAအနေနဲ့ ငြင်းဆိုနေတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ဘယ်နေရာမှာ တရားမျှတမှုရနိုင်မလဲ အဲဒီလိုတရားရေးပေါ်မှာပဲ ဆက်လက်ဆောင်ရွက်သွားဖို့ပဲရှိတယ်” လို့ ပြောပါတယ်။
ဒီဖြစ်ရပ်အပြီး အသက်ရှင်ကျန် လွတ်မြောက်လာတဲ့ ရိုဟင်ဂျာအမျိုးသမီးတချို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်နေတယ်လို့ သူကဆိုပါတယ်။
ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်ရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က မေးမြန်းရာမှာတော့ ဒီကိစ္စတွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက ရံပုံငွေရဖို့ ကုလသမဂ္ဂ အစည်းအဝေးတွေနဲ့အချိန်ကိုက် ပွဲဆူအောင်လုပ်တဲ့ စွပ်စွဲချက်လို့ RFA ကို တုံ့ပြန်ပြောကြားပါတယ်။
" ဒီ ၅ လပိုင်းနှင့် ၆ လပိုင်းအတွင်းမှာ ကုလသမဂ္ဂမှာ အစည်းအဝေးတွေရှိတယ်၊ ဒီဟာနှင့်ချိန်ကိုက်ပြီးတော့မှ လူ့အခွင့်အရေးအမည်ခံအဖွဲတွေက လုပ်ကြံဖန်တီးဇာတ်လမ်းတွေနှင့် report တွေထုတ် ပွဲဆူအောင်လုပ်ပြီး ဘတ်ဂျက်များများရဖိုကြိုးစားနေကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ကြံဖန်တီးပြဿနာပိုကြီးအောင်လုပ်နေတာတွေဟာ အနာဂတ်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဖျက်ဆီးနေကြတာဖြစ်ပါတယ်၊ ဒါဟာလက်ရှိ ရှိနေတဲ့အခြေအနေကိုပိုဆိုးအောင်လုပ်တာဖြစ်သလို ငြိမ်းချမ်းစွာအဖြေရှာရေးကိုလဲအထောက်အကူမပြုပါဘူး။ ဒီလိုရည်ရွယ်ချက်ရှိရှိ နှင့် အခြေအမြစ်မရှိ မဟုတ်မမှန်လုပ်ကြံဖန်တီးစွပ်စွဲရေးသားထားတဲ့ HRW ရဲ့report ကိုလဲ ကျွန်တော်တို့အနေနှင့်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်။"
အာရက္ခ တပ်တော်အနေနဲ့ ထန်းရှောက်ခံရွာက ရိုဟင်ဂျာ အရေးကိစ္စကို အရေးတယူ မဖြေရှင်းဘူးဆိုရင် နိုင်ငံတကာရဲ့ ဖိအားကို ပိုပြီး ကြုံလာရနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက RFA ကို ပြောပါတယ်။
“AA အနေနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ အဲဒီလိုဖြေရှင်းဖို့အတွက် ဆန္ဒရှိတယ်လို့မမြင်ရဘူး။ မဖြေရှင်းတဲ့အတွက်ကြောင့်လဲ UK ကစလာတဲ့ပြဿနာကနေ နောက်တခြားနိုင်ငံတွေပါ ကူးစက်ပြီးတော့ ပိုပြီးတော့ နိုင်ငံတကာဖိအားနဲ့ တရားရင်ဆိုင်စရာကိစ္စ အထူးသဖြင့် ရခိုင်တော်လှန်ရေးအပေါ်မှာ ပုံရိပ်မည်းထင်စေမဲ့ အမှုအခင်းမျိုးတွေ နောက်ထပ်ဖြစ်လာစရာ အန္တရာယ်လည်းရှိနေတယ်ဆိုတာတော့ ပြောလို့ရတယ်”
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို AA အနေနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိပေမဲ့ လက်ရှိမှာ စစ်ပွဲမပြီးသေးတာကြောင့် အဖြေမထွက်သေးတာလို့ ရခိုင်နိုင်ငံရေးသမား ကိုဝေဟင်အောင်က ပြောပါတယ်။
“ငြိမ်းချမ်းရေးဖြစ်တဲ့ နှစ်ဘက်လူ့အဖွဲ့အစည်းကြားမှာဖြစ်တဲ့ သဟဇာတကျဖို့အတွက်ဆိုရင် တစ်ဖက်ထဲက လုပ်လို့မရဘူးဗျ။ နှစ်ဖက်စလုံးက လုပ်ဖို့လိုအပ်တယ်။ မွတ်စလင် အသိုင်းအဝိုင်းဘက်ကလည်း ကျွန်တော်တို့ရခိုင်နဲ့ သဟဇာတကျမဲ့ လမ်းကြောင်းတွေ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုအပ်တယ်။ လက်ရှိကာလက အာရက္ခတပ်တော်ကိုယ်တိုင်ကလည်း စစ်ပွဲကမပြီးသေးဘူး။ စစ်ပွဲကာလာကြားမှာပဲရှိသေးတယ်။ အုပ်ချုပ်ရေးကို တည်တည်တံ့တံ့ပြည့်ပြည့်စုံစုံ မလုပ်နိုင်သေးဘူး။ သေချာတယ် အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးကိုထိန်းချုပ်ပြီး သူတို့ဟာသူတို့ ဒီပြသနာအကုန်လုံးကို ဖြေရှင်းနိုင်လိမ့်မယ်လို့ယုံတယ်ဗျ။ ဖြေရှင်းချင်တဲ့ စိတ်စေတနာတွေ့ရတယ်”
AA အနေနဲ့ ထန်းရှောက်ခံရွာအဖြစ်အပျက်နဲ့ပတ်သက်ပြီး ငြင်းဆိုထားသလို ရခိုင်အခြေစိုက် သတင်းဌာနတွေကိုလည်း ခေါ်ယူပြသတာတွေလည်း ရှိခဲ့ပါတယ်။ ဒီနေ့အထိ ပျောက်ဆုံးနေသေးတဲ့ ဒေသခံ ၁၇၀ ကျော်အထဲမှာ ကလေးငယ် ၉၀ ခန့်ပါဝင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
