မဲဆောက်မှာ ခိုလှုံနေသူတွေ ရိက္ခာထောက်ပံ့ကူညီမှု လိုအပ်နေ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ဒီမိုကရေစီအရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေအပြင် ဖမ်းဆီးခံရနိုင်တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရာမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သွားရောက် ခိုလှုံကြသူတွေလည်း အများအပြားရှိပါတယ်။ တချို့ဆိုရင် စစ်အာဏာသိမ်းပြီး မကြာခင်မှာ မဲဆောက်မြို့မှာ သွားရောက်ခိုလှုံနေတာ အခုဆိုရင် သုံးနှစ်နီးပါးရှိနေပါပြီ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးမှုတွေများနေတဲ့ အရေးပေါ်ကာလအတွင်း မဲဆောက်မြို့ကို ရောက်လာသူတွေဟာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေရခဲ့ကြပေမဲ့လည်း အခုနောက်ပိုင်း အလှူရှင်တွေက ရေရှည်မထောက်ပံ့နိုင်တော့လို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

ရုတ်တရက်ကြီး မဲဆောက်မြို့ကို ရောက်လာသူတွေဟာ မိသားစုပါ တစ်ပါတည်း ခေါ်လာကြရတာမို့ လတ်တလော နေထိုင်ရေးအဆင်ပြေစေဖို့ Safe House စီစဉ်ပေးတာ၊ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့ပေးတာတွေကို မဲဆောက်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ထဲမှာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်နောက်ပိုင်းမှာတော့ ရောက်လာတဲ့သူအရေအတွက် များလာတာနဲ့အမျှ အကန့်အသတ်နဲ့သာ ထောက်ပံ့နိုင်တော့တယ်လို့ New Myanmar Foundation ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ စန်းအောင် က ပြောပါတယ်။

‘’ဒီ Human right Defender (လူ့အခွင့်အရေးကာကွယ်သူ)တွေ တစ်သောင်းလောက်ကို ပေးပြီးသွားပြီ။ ၂၀၂၂ ခုနှစ်တုန်းကတော့ တစ်ယောက်ကို သုံးလစာ ပေးခဲ့တာ ခြောက်ထောင်လောက်ရှိတယ်။ ပြီးတော့ ဒီနှစ်မှာကျတော့ တစ်လချင်းပေးတာ လူ လေးထောင်လောက် ရှိတယ်။ အရင်နှစ်တွေကတော့ Donator (အလှူရှင်) တွေက အကုန်ပေးတယ်။ ဘာမှ အကန့်အသတ်မရှိဘူး။ ဒီနှစ်မှာတော့ ဝင်ငွေတကယ်မရှိတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မိဘမဲ့ကလေးတွေ၊ မစွမ်းမသန်သူတွေ၊ သက်ကြီးရွယ်အိုနဲ့ ရောဂါသည်တွေကို ဦးစားပေးတယ်။ နောက်တစ်ခုက Safe House ကိုလည်း လူ ခြောက်ရာလောက် ပေးနိုင်ခဲ့တယ်။’’

အရင်လို အခြေခံစားနပ်ရိက္ခာလေးတွေ လစဉ်ထောက်ပံ့ပေးဖို့ မျှော်လင့်မိသလို အလုပ်အကိုင်တွေလည်း ဖန်တီးပေးစေချင်တယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့သူတစ်ဦးရဲ့ မိသားစုဝင်ဖြစ်တဲ့ ဒေါ်အေးသီတာ က ပြောပါတယ်။

‘’အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ အခက်အခဲကတော့ နံပါတ် ၁ - ဘာသာစကားပေါ့။ သူတို့လူမျိုးအချင်းချင်းနဲ့ ကိုယ့်ဗမာဆိုရင် သူတို့လူမျိုးက တစ်နေ့ သုံးရာ၊ လေးရာ ရပေမဲ့ ကိုယ့်ဗမာတွေဆိုရင် နှစ်ရာနဲ့ပဲ။ ပြောရမယ်ဆိုရင် နှိမ်တယ်ပေါ့နော်။ သူတို့ ထိုင်းတွေ မလုပ်ချင်တဲ့အလုပ်မျိုးတွေကို ဗမာတွေက လုပ်ရတာလေ။ ခြံရှင်းတာဆိုရင် ခြံရှင်းတာ တစ်ခုတည်းမဟုတ်ဘဲ ဆေးသုတ်တာလဲ ခိုင်းတယ်။ ဘိလပ်မြေတွေလဲ ဖျော်ခိုင်းတယ်။ အကုန်လုပ်ပြီးမှတစ်နေ့ နှစ်ရာပဲပေးတယ်၊ ထမင်းလဲ မကျွေးဘူး။ ဘာမှလဲ မကျွေးဘူး၊ ထောက်ပံ့တာတွေ လတိုင်းလတိုင်း ပြန်လုပ်ပေးနိုင်မယ်ဆိုရင် ဆန်၊ ဆီ၊ ရိက္ခာတွေ အရင်လို ပြန်လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်မတင်မဟုတ်ဘူး။ မဲဆောက်ရောက်နေတဲ့ ဒုက္ခရောက်နေသူ အကုန်လုံး အဆင်ပြေမယ်လို့ ထင်ပါတယ်။’’

ထိုင်းနိုင်ငံထဲ ရေရှည်ရပ်တည်နိုင်ဖို့ဖြေရှင်းရာမှာတော့ အလုပ်ရဖို့အတွက် နေထိုင်ခွင့်၊ အလုပ်ရှင်ခွင့်ပြုချက် စတဲ့အထောက်အထားတွေလုပ်ရဖို့ ငွေကြေး မတတ်နိုင်ကြသလို၊ လုပ်ငန်းခွင်အဆင်မပြေမှုတွေ ကြုံကြရတယ်လို့ ပြောကြပါတယ်။

"မြန်မာပြည်မှာ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်အတန်းတစ်ခုအနေနဲ့ လုပ်လာခဲ့တဲ့သူတွေ ဒီဘက်ကျတော့ ရရာအလုပ်ပဲပေါ့။ ကျောင်းဆရာကလည်း ပန်းရန်လုပ်နေရတာတွေရှိတယ်"

ပြောင်းဖူးဆွတ်တာ၊ ကြက်သွန်အခွံနွှာတာ၊ ငရုတ်သီးတောင့် အညှာခြွေတာ၊ ပန်းရန်၊ လက်သမား၊ ဘိလပ်မြေအိတ် သယ်တာ၊ ခြံရှင်းတာ စတဲ့ ထိုင်းနိုင်ငံသားတွေ မလုပ်ကြတဲ့ အောက်ခြေသိမ်းအလုပ်တွေကို ကြုံသလို လုပ်ကိုင်နေကြရင်း နေ့စဉ်စားဝတ်နေရေးအဆင်ပြေအောင် ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

နေ့စားလုပ်ရတာ၊ ပုတ်ပြတ်လုပ်ရတာဖြစ်လို့ အမြဲတမ်းဝင်ငွေရနိုင်တဲ့အလုပ်တွေတော့ မဟုတ်ဘူးလို့ ပြောကြပါတယ်။

‘’ပထမတော့ New Myanmar တို့ ဧရာဝတီတို့က ထောက်ပံ့ကြေးတွေ ရိက္ခာတွေရခဲ့ပါတယ်။ အခုနောက်ပိုင်း မရတော့တာ အတော်လေး ကြာခဲ့ပါပြီ။ စားဝတ်နေရေး အခက်အခဲလေးတော့ ဖြစ်လာပါတယ်။ အခု လက်ရှိမှာ ရိက္ခာအတွက်ကတော့ လူတော်တော်များများက ဒုက္ခရောက်နေပါတယ်။ အလုပ်လက်မဲ့တွေ ဖြစ်တယ်ပေါ့။ တစ်ခါတစ်ရံမှာ ကြက်သွန်ခွာတာတို့၊ သင်္ကန်းခါးပန်းကြိုး ထိုးတာလေးတွေ ရှိပါတယ်။ကြက်သွန်ကလည်း ရက်ပတ်နဲ့မှလာတော့မှ ကီလို ၄၀ အိတ်ကြီးတစ်အိတ်ကို ဘတ် ကိုးဆယ်ပဲ ရပါတယ်။ ငါးရက်မှ တစ်ခါလောက် လာတယ်ဆိုတော့ တစ်အိတ်ပဲ ပြီးပါတယ်။ ရိက္ခာလေးတွေ လစဉ်ထောက်ပံ့ပေးမဲ့ အလှူရှင်တွေ ပေါ်လာပါစေလို့ ဆုတောင်းပါတယ်၊ ဒါမှ စားဝတ်နေမှုလေးတွေက တစ်တပ်တစ်အားနဲ့ ကူညီထောက်ပံ့ရာရောက်မှာပါ"

စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေခံရလို့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားခဲ့ရလို့ ခုလိုထောက်ပံ့မှုလေးတွေ လုပ်ပေးတဲ့အတွက် စိတ်ခွန်အားဖြစ်စေတယ်လို့လည်း မဟေဇာ က ဆိုပါတယ်။

‘’စစချင်းက လူတွေလဲ နည်းတာပါမယ်။ အဆင်ပြေတယ်ပေါ့နော်။ အခုနောက်ပိုင်း ရိက္ခာမရတော့တဲ့ အပိုင်းက ခြောက်လကျော်ရှိပြီ။ ဒီမှာက နေရစားရတာ အကုန်လုံးက ခက်ခဲတယ်လေ။ အလုပ်လုပ်ဖို့ ဆိုတာကလည်း ပုံမှန်ဆိုအဆင်မပြေဘူး။ မြန်မာပြည်မှာ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်အတန်းတစ်ခုအနေနဲ့ လုပ်လာခဲ့တဲ့သူတွေ ဒီဘက်ကျတော့ ရရာအလုပ်ပဲပေါ့။ ကျောင်းဆရာကလည်း ပန်းရန်လုပ်နေရတာတွေရှိတယ်။ ကြက်သွန်ခွာနေတဲ့သူတွေလဲ ရှိတယ်။ ရိက္ခာထောက်ပံ့ပေးလိုက်တာ မဟုတ်ဘူး။ ငါတို့တွေကို ကြည့်ရှုစောင့်ရှောက်တဲ့သူတွေရှိသေးပါလားဆိုတဲ့ Emotions (စိတ်ခံစားမှု) ပါရတယ်ပေါ့နော်’’

ငရုတ်သီးတောင့် အညှာခြွေသည့် လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ငရုတ်သီးတောင့် အညှာခြွေသည့် လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နေ့စဉ်နဲ့အမျှ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေးတွေဆုံးရှုံးခံနေရတာ၊ စစ်ဘေးဒုက္ခသည်အရေအတွက် တစ်နေ့ထက်တစ်နေ့ ပိုများလာတာ စတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးကို ကမ္ဘာကသိစေဖို့ လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံထဲမှာ ခိုလှုံနေရသူတွေဖြစ်တာမို့ ထိုင်းအစိုးရက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို သွေဖည်တာမျိုး မဖြစ်ဖို့၊ တားမြစ်ထားတာတွေကို မလုပ်မိစေဖို့နဲ့ ထောက်ပံ့ရေးလုပ်ငန်းပိုင်းတွေမှာဆိုရင်လည်း ဥပဒေဘောင်ထဲကနေ လုပ်ဆောင်ပေးနေရတယ်လို့ ပြောကြပါတယ်။

စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးတဲ့အချိန်မှာ အခက်အခဲပေါင်းစုံကြုံတွေ့နေရတာဖြစ်လို့ ကြံ့ကြံ့ခံနိုင်ကြဖို့ လိုအပ်တယ်လို့ New Myanmar Foundation ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ စန်းအောင်က မှတ်ချက်ပြုပါတယ်။

"ဒေသဆိုင်ရာထုတ်ပေးတဲ့ကတ် တစ်လ ၃၀၀ ပေးရတယ်။ အဲဒါနဲ့ နေရတာပေါ့ အများစုက၊ အနည်းစုကတော့ Work Permit (အလုပ်လုပ်ခွင့်ကတ်) ပေါ့။ သူက ကြာလဲ ကြာတယ်။ စျေးလဲ ကြီးတယ်။ တစ်သောင်းငါးထောင်နဲ့ အထက်မှာ ပေးရတယ်။ Work Permit ရှိရင်တော့ မနက် ရှစ်နာရီကနေ ညနေ ငါးနာရီအထိ တစ်လတစ်သောင်းပေးတဲ့ အလုပ်တွေ၊ စက်ရုံတွေမှာ ကျွန်တော်တို့ သွင်းပေးနိုင်တယ်။ ကျွန်တော်မြင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ကိုယ့်မိသားစု ရပ်တည်ရေးအတွက် လုပ်ရမှာပဲ။ မတရားတာ၊ မမျှတတာတွေတော့ ကျွန်တော်တို့လဲ သိတယ်။ ကျွန်တော်တို့ အပ်ချုပ်စက်သင်တန်း ဖွင့်ထားတယ်။ တချို့တွေ MSc (မာစတာဘွဲ့ရထားသူ) တွေ လာသင်တန်းတက်ပြီးတော့ စက်ချုပ်စက်ရုံမှာ ဝင်ပြီးတော့ လုပ်ရတယ်။ အထက်တန်းပြဆရာမတွေ လာတက်ကြတာ။ လောလောဆယ် တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ရပ်တည်နေချိန်မှာတော့ အခက်အခဲတွေ ကြုံရမှာပဲ’’

နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလှူရှင်တွေအနေနဲ့ အရေးပေါ်ကာလ ထောက်ပံ့မှုတွေကနေတစ်ဆင့် ရေရှည်ထောက်ပံ့ပေးနိုင်ရေး ကြိုးစားနေကြပြီလို့လည်း အရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောကြပါတယ်။