မြင်းခြံမှာ စစ်ကြောင်းထိုး မီးရှို့၊ ဒေသခံနှစ်သောင်းကျော် ထွက်ပြေးနေရ

မြင်းခြံ အရှေ့မြောက်ဘက် ရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်တပ် စစ်ကြောင်းထိုး၊ မီးရှို့နေလို့ ရွာပေါင်း ၁၆ ရွာခန့်က လူနှစ်သောင်းကျော် ထွက်ပြေးနေရ။

မန္တလေးတိုင်း မြင်းခြံမြို့ရဲ့ အရှေ့မြောက်ဘက်က ရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး မီးရှို့နေလို့ ရွာပေါင်း ၁၆ ရွာခန့်က လူနှစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက RFA ကို ဧပြီလ ၂၃ ရက်နေ့မှာ ပြောပါတယ်။

ဓူဝံ၊ ကျီးပင်ကန်၊ ဆိပ်ကုန်း၊ ယုန်ထိုးဆွယ်၊ ရွာသစ်၊ ထိန်ပန်း၊ ယုန်ထိုး၊ ဘလဲ့၊ တောင်ပုံ၊ ပျိုးကန်၊ ကန်စွယ်၊ သင်ပြွန်း၊ ကန်နီ၊ ဒူလဘို၊ မီးပေါက်၊ ပြား စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင် နေကြတာလို့ ဆိုပါတယ်။

အင်အားနှစ်ရာခန့်ပါဝင်တဲ့ စစ်တပ်စစ်ကြောင်းက ဧပြီလ ဒုတိယပတ်ကစလို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးလာပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှာ ယုန်ထိုးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက တအားထိုးနေတာ မြင်းခြံမြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတော်တော်များများ မီးရှို့ခံနေရတယ်။ အခုလက်ရှိအချိန်ထိ နေ့တိုင်း ဆက်တိုက်ရှို့နေတာပဲ။ အရင်တုန်းက ရွာတစ်ရွာကို ဝင်တယ်ဆိုရင် မီးကျီသေနတ်ပစ်ပြီးမှ လိုက်ရှို့တာလေ။ အခုက အဲဒီလို မဟုတ်တော့ဘူး သူတို့ရှို့ချင်တဲ့ရွာဆိုရင် ဒရုန်းနဲ့ မီးလောင်ဗုံးတွေ လိုက်ချလိုက်တာ။ မနေ့ကလည်း ယုံထိုးရွာကို မီးလောင်ဗုံးနဲ့ချပြီး မီးရှို့တယ် တစ်အိမ်ချလိုက် နောက်တစ်အိမ်ချလိုက်နဲ့ဆိုတော့ ငြှိမ်းတော့ လိုက်ငြှိမ်းတယ် ဒါပေမဲ့ ဘယ်လိုမှမနိုင်ဘူး”

စစ်ကြောင်းရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ယုံထိုးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သူက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့မှာပဲ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ယုံထိုးနဲ့ ရွာသစ်ရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေဘက်က ပြောပါတယ်။

ထိန်ပန်း၊ ရွာသစ်နဲ့ ယုံထိုးရွာတို့က နေအိမ်ရာနဲ့ချီ အပါအဝင် စစ်ကြောင်းဝင်ရာလမ်းတစ်လျှောက်က ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိနေပေမဲ့ စစ်ကြောင်း စဝင်လာတဲ့ ဧပြီလ ဒုတိယပကစလို့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေနဲ့ အရပ်သားသေဆုံးထိခိုက်တဲ့ အချက်အလက်အတိကျကို မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေ တော်တော်ဒုက္ခရောက်နေတယ်။ ကယ်လို့လည်းမရ ကူညီမဲ့သူတွေ ဝင်မဲ့လမ်းကြောင်းတွေပါ ပိတ်ဆို့ထားတာဆိုတော့ ဘယ်လိုမှကို စစ်ရှောင်တွေကို မကူညီနိုင်ဘူး ဖြစ်နေတာ။ စားနပ်ရိက္ခာပေါ့နော် ဆေးဝါးကစ တော်တော်ကို ဒုက္ခရောက်နေကြတာ”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကိုလည်း ဧပြီလ ၁ ရက်နဲ့ ၂ နေ့တွေမှာ စစ်တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်လို့ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ၁၁ ဦးသေဆုံးပြီး နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ဧပြီလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ် ၁၂၅,၀၀၀ ကျော် (၁၂၅,၃၂၈ လုံး ) မီးရှို့ဖျက်ဆီးခံ ခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဧပြီလ ၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။