ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ဝန်ကလေး(ဆားချောင်း) ရွာထဲကို ဧပြီလ၂၂ ရက်နေ့မှာ
စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ကလေးနှစ်ဦးအပါအဝင် အမျိုးသားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
အဲဒီရွာက ရေလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အသက် ၁၅ နှစ်၊ ၁၆ နှစ် ဝန်းကျင်အရွယ် ကလေးတွေနဲ့ အသက် ၁၉ နှစ်၊ ၂၀ နှစ် အရွယ်တွေ သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူက ခြောက်ဦး ရှိတယ်လို့ ပြောပါ တယိ။ အဲဒီထဲက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးရဲ့ ဒဏ်ရာ အခြေအနေကတော့ စိုးရိမ်ရ တယ်လို့ ပြောပါတယ်။
အဲဒီနေ့မနက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနက် ၁၁ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးသီး ဆယ်လုံးမကဘူး ကြဲချတိုက်ခိုက်ခဲ့တာဗျ။
ပြည်သူတွေရဲ့ နေအိမ်တွေလည်း ပစ်မှတ်ထား ကြဲလို့ အိမ် သုံးလုံးလောက် ပျက်စီးသွားတယ်။ အဲမှာ ကောင်လေး လေးယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။”
အဲဒီနေရာက တိုက်ပွဲ ဖြစ်ပွါးနေတာ မရှိသလို တော်လှန်ရေးအင်အားစုတွေလည်း နေထိုင်တာ မရှိပဲ
စစ်တပ်က လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မတ်လတစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ ၅၁၆ ဦး သေဆုံးခဲ့ပြီး ၄၇၇ ဦီး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ BNI- Myanmar Peace Monitor က ဧပြီလ ၂၁ ရကိနေ့မှာ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၇၈ ဦး သေဆုံးခဲ့ပါတယ်။
