ချင်းပြည်နယ်နဲ့နီးတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်တပ်က ထိုးစစ်ဆင်နေတဲ့အတွက် တော်လှန်ရေးအဖွဲ့ တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မိတ္ထီလာအခြေစိုက် တပ်မ ၉၉ က အင်အား တစ်ထောင်လောက်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ပထမ အဆင့် အနေနဲ့ အမှတ် ၂၄ ၊ အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေမှာ အင်အားစုဖွဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းက ဂန့်ဂေါခရိုင်၊ လောင်းရှည်မြို့ကနေ ဆောမြို့ထဲကို မေလ ၁၄ ရက်နေ့မှာ ဝင်လာတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသခံ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
“ဆောမြို့နယ်ထဲကိုရောက်နေတာ အင်အား ထောင်ဂဏန်းဝန်းကျင်လောက် ထပ်တိုးအင်အားပေါ့ အဲလို မျိုးရောက်နေတာရှိတယ်ပေါ့လေ။ အဲလိုဆိုတော့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တာ တွေ ရှိတယ်။ နှစ်ဦးနှစ်ဖက်လုံး ကျဆုံးတာတွေ ရှိတယ်ပေါ့လေ။ လက်ရှိ စစ်ရေးကတော့ တော်တော်ကြီးကို ဖြစ်နေတာပေါ့လေ”
နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်သေဆုံးရတဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ဒီစစ်ကြောင်းကြောင့် ဆော - လောင်းရှည်လမ်းတလျှောက်ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာရှောင်နေကြရသလို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရတာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
စစ်တပ်က စစ်မှုထမ်း တပ်သားသစ်တွေအသုံးချလာသလို တရုတ်ထုတ် ဒရုန်းတွေကိုပါသုံးနေတယ်လို့ ဂန့်ဂေါခရိုင် တော်လှန်ရေးခေါင်း ဆောင် တစ်ယောက်က RFA ကို ပြောပါတယ်။
“အရင်တုန်းကတော့ စစ်ကောင်စီတပ်သားတွေပဲပါတယ်ပေါ့။ အခုတစ်ခေါက်ကတော့ ပြည်သူ့စစ် (ပစ) တွေလည်း ပါနိုင်တယ်။ သူတို့ အင်အားအလုံးအရင်းနဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း တပ်သားသစ်တွေနဲ့ အလုံးအရင်းနဲ့ ထိုးလာတာ။ ပြီးတော့ နောက်တစ်ခု နည်းပညာပေါ့။ နည်းပညာ အထောက်အကူမှာ ဒရုန်းတွေ ပိုသုံးလာတယ်။ တရုတ်နည်းပညာပါတော့ ဒရုန်းတွေ အများကြီးသုံးလာတာ”
လောင်းရှည်ဘက်က အရပ်သားတွေရဲ့ ကားတွေကိုလည်း စစ်တပ်ကချောဆွဲလာတယ်လို့ သူက ဆက်ပြောပါတယ်။
တစ်ချိန်ထဲမှာပဲ ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေပြီး ဆောမြို့နယ် ကျောက်ထုမြို့လမ်းကြောင်းကနေ မင်းတပ်မြို့ကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ ပြောကြပါတယ်။
ရခိုင်ပြည်နယ်ကိုသွားတဲ့လမ်းတွေမှာအရေးပါတဲ့ ဆောမြို့ကို စစ်တပ်ကထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
“ချင်းပြည်နယ်တောင်ပိုင်းကနေ ပလက်ဝကို သူတို့ ထိန်းချုပ်နိုင်ဖို့ သူတို့ ကြိုးစားတာ။ ရခိုင်စစ်ရေးကလည်း ပြောရမယ်ဆိုရင် ရခိုင်တောင်ပိုင်းမှာ စစ်တပ်ဘက်က အယောင်ပြတိုက်စစ်တွေလုပ်နေပေမယ့် ပလက်ဝကို ရထားတဲ့ဘက်ကပဲ ရခိုင်စစ်မြေပြင်တစ်ခုလုံးက အဆုံးအဖြတ်ပေးမှာ။ ဒါကို စစ်တပ်ရော အာရက္ခတပ်ပါ သိတယ်။ သူတို့ ပလက်ဝကို မရရတဲ့နည်းနဲ့ ချင်းတောင်ဘက်ကနေ ချဉ်းကပ်တာ”
မိုးမကျခင်မှာ ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်ဒေသတွေကို စစ်တပ်က နယ်မြေစိုးမိုး အထိုင်ချနိုင်အောင် ကြိုးစားနေသလို မိုးလွန်တဲ့ကာလမှာ ရခိုင်နဲ့ချင်းကို ထိုးစစ်တွေလုပ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အခုလို ဆောမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်တပ်ခန့်အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ် ၆၀ ထဲမှာ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင် နဲ့ ရေစကြိုမြို့နယ်တွေ ပါဝင်ပြီး လက်ရှိမှာ အဲဒီဒေသတွေကို စစ်ဆင်ရေးတွေတိုးမြှင့်နေပါတယ်။
