မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်တပ်က အရပ်သားတွေ နေထိုင်တဲ့ ရပ်ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ သန္ဓေသား အမွှာကလေးနှစ်ဦးအပြင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ်အရပ်သားနှစ်ဦး ဒဏ်ရာရထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃) တပ်ကနေ ဘီးလင်းမြို့နယ် ပဏ္ဍိကုန်း ရွာထဲကို ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး သူလွယ်ထားတဲ့ ၇ လသားရှိပြီဖြစ်တဲ့ သန္ဓေသား အမွှာသမီးလေး နှစ်ဦးပါ အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့ပြီး၊ အဲဒီကလေးရဲ့ ဖခင် နဲ့ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်တပ်က တိုက်ပွဲမဖြစ်တဲ့ အချိန်တွေမှာတောင် ရပ်ရွာတွေထဲ ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတာနဲ့ နေအိမ်တွေ ထိခိုက်ဆုံးရှုံးနေတာလို့ KNU တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“ကြွက်မနိုင် ကျီမီးနဲ့ရှို့တာ။ သူတို့ဘက်ခြမ်းမှာက ပြည်သူတွေက သိပ်မပါဘူး။ အဲဒီတော့ သူတို့က ပြည်သူတွေကို အထိနာအောင်လုပ်ပြီး တော်လှန်ရေးမှာ မပံ့ပိုးနိုင်အောင်။ တော်လှန်ရေးကို မထောက်ခံရဲအောင် အကြောက်တရားသွင်းတဲ့သဘောနဲ့ လုပ်တာပါ။ အဲဒီတော့ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မခွဲခြားတော့ဘဲ အကုန်ပစ်ခတ်နေတော့ ကလေးတွေရော အမျိုးသမီးတွေပါ အကုန်ထိတာ”
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် တစ်ဦးနဲ့ သူ့ဝမ်းဗိုက်ထဲက ၆ လသားအရွယ်ကလေး အပါအဝင် သူ့ရဲ့ ငါးနှစ်သမီး တစ်ဦးပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ ၂၅ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးသူ (၁၃,၁၂၂)ထဲမှာ ကလေး (၁,၀၇၈) ဦးနဲ့ အမျိုးသမီး (၂,၂၀၆) ဦး သေဆုံးခဲ့ပါတယ်။
