စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ သုံးရွာကို ဇူလိုင် ၉ရက်ကနေ ၁၄ ရက်အထိ တစ်ပတ်အတွင်း စစ်တပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနစ်ဦးဒဏ်ရာရပြီး နေအိမ် သုံးဆယ်ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က တိုက်ပွဲ မရှိတဲ့ ငါးတင်ကြီးရွာကို ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်တာကြောင့် အရပ်သား နှစ်ဦးဒဏ်ရာရပြီး နေအိမ် နှစ်ဆယ်ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ခင်ဦးဒေသခံ ကိုဥဩက ပြောပါတယ်။
“ဒဏ်ရာရတဲ့သူက အမျိုးသားနှစ်ဦးပါ။ သူတို့က ရော့ကတ်နဲ့ပစ်တော့ ရော့ကတ်စမှန်တာ။ တစ်ယောက်က နံရိုးနား တစ်ယောက်က ရင်ဘတ်နဲ့ကျောနားမှာထိတာ။ ဒီနေ့(ဇူလိုင် ၁၄)လည်း ငါးတင်ကြီးနား ဒရုန်းဝဲတယ်။ မပစ်ပေမဲ့ လာကင်းထောက်ပုံရတယ်”
ထိခိုက်ဒဏ်ရာရသူတွေရဲ့ အချက်အလက်ကိုတော့ လုံခြုံရေးအခြေအနေအရ အတိအကျအသိရသေးပေမဲ့ သူတို့နှစ်ဦးဟာ ငါးတင်ကြီးရွာခံတွေ ဖြစ်ကြပြီး အသက် ၂၀ ကျော်အရွယ် လူလတ်ပိုင်းတွေလို့ ဆိုပါတယ်။
အလားတူ ဇူလိုင် ၉ ရက်ကလည်း ခင်ဦးနယ် အနောက်ခြမ်း သာဝတ္ထိရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရက တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်က စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်နေတာကြောင့် ဗုံးခိုကျင်းတွေတူးဖို့၊ လေကြောင်းသတင်းပေး စကားပြောစက်တွေ ကိုင်ဆောင်သတင်းရယူဖို့၊ လေကြောင်းရန်ကာကွယ်ရေး ကြိုတင်လုံခြုံရေးအစီအမံတွေ ပြုလုပ်ကြဖို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဇွန်လ ၃ဝရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်တပ်လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၂,၈၉၆ ရှိခဲ့ပြီး အရပ်သား ၅,၈၄၆ ကျော်သေဆုံးခဲ့ရသလို တစ်သောင်းနီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
