စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာနဲ့ ဝက်လူးအိုင်ရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ငါးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၇ ရက်နေ့လယ်မှာ ညောင်ပင်ကြီးတောရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ဗုံးသီး နှစ်လုံးကြဲချသလို ဒုံးကျည်တွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီး ဗိုက်ထဲက ကလေးကို ခွဲစိတ်မွေးဖွားပေးခဲ့ပေမဲ့ အသက်မရှင်ခဲ့ဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကိုယ်ဝန်သည်နဲ့ သူ့ရဲ့ ငါးနှစ်သမီးနဲ့ နှစ်ယောက်အိပ်နေတာ ဗုံးကြဲတော့ ကုတင်ပေါ်တင် ခေါင်းမှန်ပြီး နှစ်ယောက်လုံး ဆုံးသွားတယ်။ ကိုယ်ဝန်သည်ရဲ့ ဗိုက်က ၆ လ။ ဗိုက်ကို ထိထားတာလည်း မရှိတော့ ခွဲစိတ်မှုလုပ်ပြီး ဗိုက်ထဲက ကလေးကို အသက်ကယ်ကြတာ ဒါပေမဲ့ မရလိုက်ဘူး။ အဲဒီဗိုက်ထဲက ကလေးကလည်း မိန်းကလေးပဲ။ ဒဏ်ရာရတဲ့ အထဲမှာလည်း သုံးလသားအရွယ်အထိပါတယ် အဲဒီကလေးကလည်း စိုးရိမ်ရတယ် အဲဒီရွာမှာ တိုက်ပွဲလည်းမရှိဘူး PDF တွေ ဝင်ထွက်သွားလာတာလည်း မရှိဘူး။ အကြောင်းမဲ့ သက်သက်လာပစ်သွားတာ။”
ဒီတိုက်ခိုက်မှုကြောင့် ၆ လသား ကိုယ်ဝန်လွယ်ထားရတဲ့ အသက် ၃၅ နှစ်အရွယ် မဖြူနဲ့ သူရဲ့ ငါးနှစ်သမီး အပြင် အသက် ၅၂ နှစ်အရွယ် ဒေါ်သီတာဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
နောက်ထပ် ရွာခံ လေးဦး ဒဏ်ရာရခဲ့ပြီး အဲဒီအထဲမှာ သုံးလသားအရွယ် ကလေးငယ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်ပင်ကြီးတောရွာက နေအိမ် ၉ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
ဇွန်လ ၁၆ ရက်နေ့ကလည်း ညောင်ပင်ကြီးတောရွာနဲ့ ငါးမိုင်ခန့်အကွာက ဝက်လူးအိုင်ရွာကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၈ ရက်နေ့မှာလည်း ဝက်လက်မြို့နယ်ထဲ ဂျက်တိုက်လေယာဉ်တွေပျံဝဲနေတာနဲ့ စစ်တပ်ရဲ့ ဒရုန်းတွေ ရှိနေတာကြောင့် ဘေးလွတ်နိုင်မယ်လို့ ယူဆရတဲ့ တောတောင်တွေထဲ တိမ်းရှောင်နေသူတွေရှိတယ်လို့လည်း ဆိုပါတယ်။
ဝက်လက်မြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မေလ ၁၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် နဘဲပင်လှရွာ ဘုန်းကြီးကြောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင် ပျက်စီးပြီး ရဟန်းတစ်ပါးနဲ့ ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မေလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၇၅၂ ဦး အထိ ရှိခဲ့ပါတယ်။
