နတ်မောက်မှာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကျောင်းသား တစ်ဦးသေ

Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်က စာသင်ကျောင်းကို ရော့ကတ်တွေ၊ ပွိုင့်ဖိုက် စက်သေနတ်တွေနဲ့ အတွဲလိုက် ပစ်ခတ်တာဟုဆို။

မကွေးတိုင်း နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကံလေးကုန်းရွာ မူလတန်းလွန် (မူလွန်) ကျောင်းကို စစ်တပ်က ဇူလိုင်လ ၁၄ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသား တစ်ဦးသေဆုံးပြီး နောက်ထပ် ကျောင်းသား ၇ ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်လောက်မှာ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်က အနိမ့်ပျံပြီး စာသင်ကျောင်းကို ရော့ကတ်တွေ၊ ပွိုင့်ဖိုက် စက်သေနတ်တွေနဲ့ အတွဲလိုက် ပစ်ခတ်တာကြောင့် ကျောင်းရှေ့မှာ ဆော့ကစားနေတဲ့ ကျောင်းသားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုအဆိပ်သီးက RFA ကို ပြောပါတယ်။

“ထမင်းစားကျောင်းဆင်းပြီး ကျောင်းပြန်တက်ခါနီးအချိန် ကလေးတွေ ကစားနေတာ။ အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းသားလေးတွေ သူတို့မမြင်ရတာမဟုတ်ဘူး မြင်ရတယ်။ ကျောင်းရှေ့မှာလည်း အလံတိုင်က အမြဲတမ်းတင်ထားတယ်။ အဲဒါကို တိတိကျကျလာပစ်သွားတာ။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကလေးတွေက ကျောင်းဘေးက အနီးဆုံးအိမ်ပေါ့နော် အဲဒီအိမ်ကို မလွယ်ပေါက်ကနေ ပြေးတာ အဲဒီအိမ် အထိတောင်မှ လိုက်ပစ်တာ။ ကံကောင်းတာက ရော့ကတ်က အဲဒီအိမ်ပေါ်မကျဘဲ ဘေးနားက ငရုတ်ခင်းထဲကို ကျလို့ အိမ်ပေါ်သာ တည့်တည့်ကျသွားရင် ဒီထက် အထိအခိုက်အသေအဆုံးများမှာ”

ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝေဖြိုးဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက် ၄ နှစ်အရွယ် မောင်နေခန့်ပိုင်၊ အသက် ၅ နှစ်အရွယ် မောင်ဇင်လင်းကိုကို၊ အသက် ၁၀ နှစ်အရွယ် ၃ တန်း ကျောင်းသားတွေဖြစ်တဲ့ မောင်စိုင်းမင်းလတ်၊ မောင်သော်ဇင်ဖြိုး၊ မောင်ဇေရဲထက်၊ ၅ တန်းကျောင်းသားတွေဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်အောင်ပြည့်ဇော်၊ အသက် ၁၃ နှစ်အရွယ် မောင်ကောင်းပြည့်စံတို့ ခုနစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းဘေးတဝိုက်နေအိမ်တွေပါ တိုက်ခိုက်ခံရတာကြောင့် ကျောင်းသားတွေအပြင် အသက် ၄၅ နှစ်အရွယ် ဒေါ်နွဲ့ဝင်းလည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအနီးက နေအိမ် ခြောက်လုံးခန့်ပျက်စီးသွားသလို ကျောင်းနံရံတွေမှာလည်း ကျည်ပေါက်ရာတွေချည်းပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြည်သူတွေအိမ်ပျက်စီးတယ် ပေါင် ၅၀၀ ကျသလို ပျက်စီးတာတော့မဟုတ်ဘူ စက်သေနတ်တွေ ရော့ကတ်တွေနဲ့ ပစ်တာဆိုတော့ အိမ်တစ်ခြမ်းပဲသွားတာလို့ သွပ်လန်သွားတာတို့ပေါ့။ စာသင်ကျောင်းဆောင်မှာလည်း ပွိုင့်ဖိုက်မှန်ထားတဲ့အရာတွေရှိတယ်။ တကယ်ဖြစ်တဲ့အချိန်မှာ အသံက နောက်မှလာတာ ရော့ကတ်ပထမဆုံး ထပေါက်ကွဲပြီး လန့်ဖြန့်သွားမှ လောယာဉ်သံက နောက်မှကြားရတာ”

နတ်မောက်မြို့နယ်က ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရက တစ်စုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဇွန်လ ၂၅ ရက်နေ့ကလည်း နတ်မောက်မြို့နယ် အရှေ့ခြမ်းက သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး နှစ်ဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၅ဝဝ ကျော် ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၅,၈၄၆ ဦး ရှိပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ၇၇၈ ဦး ပါဝင်တယ်လို့ NUG စာရင်းတွေမှာ ဖော်ပြထားပါတယ်။