စစ်ကြောင့်ဒုက္ခိတဖြစ်ရတဲ့ကလေးတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နေ

အသက်ရှင်ကျန်ရစ်တဲ့ကလေးတွေဟာ သာမန်ကလေးတွေလို မဟုတ်တော့တာတွေ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကိုင်း၊ မကွေးအပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေဟာ ရုပ်ပိုင်းအပြင် စိတ်ပိုင်းပါထိခိုက်နေပြီး၊ သူတို့ အနာဂတ်အတွက် စိုးရိမ် နေရတယ်လို့ မိသားစုတွေနဲ့ ကူညီသူတွေက RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာက စာသင်ကျောင်းဗုံးကြဲခံခဲ့ရတဲ့ဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်တဲ့ ကလေးတွေဟာ သာမန်ကလေးတွေလို မဟုတ်တော့တာတွေ့ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သာမာန်အချိန်အတိုင်းဆိုရင် ကလေးတွေက ပညာရေးကိုလည်းအာရုံစိုက်နိုင်မယ်။ ကြိုးစားချင်စိတ်တွေလည်း ရှိရင်လည်းရှိလာမှာပေါ့။ အခုဟာက သူတို့မှာက အားနည်းချက်တွေဖြစ်သွားတဲ့အခါကျတော့ သူတို့ရဲ့စိတ်ဒဏ်ရာရသွားတော့ ပညာရေးဘက်ကို အားနည်းသွားတာပေါ့"

အလားတူ ၂၀၂၂ ခုနှစ်ကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှာ ကလေးသူငယ်တွေအပါအဝင် ၁၃ ယောက်သေဆုံးပြီး ကလေး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီထဲက မျက်လုံးထိခိုက်ပြီး ဦးခေါင်းခွံမှာဗုံးစဝင်နေတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အမေက သူ့သားရဲ့အနာဂတ်အတွက် စိုးရိမ်နေရတယ်လို့ RFA ကို ပြောပါတယ်။

“မျက်စိက မျက်လုံးအတွင်းပိုင်း ခိုက်မိတာဖြစ်တော့ မျက်စိက အမြင်က ဘာမှ မမြင်တော့ဘူး။ နှစ်ပေပဲ မြင်တော့တယ်။ နှစ်ပေ ဟိုဘက်ကိုမမြင်ရတော့ဘူး။ ပညာတတ်လေးဖြစ်မှပဲ။ သူ့မျက်လုံး တွေက လုပ်စားရ မှာလေ။ အဲဒါကြောင့် ပညာရေးနဲ့ပတ်သက်လို့ကတော့ သူ့အတွက်မဲပြီး ရှာနေရတာပဲ“

ရခိုင်ပြည်နယ်မှာလည်း စစ်တပ်လက်ချက်ကြောင့် ကိုယ်အင်္ဂါထိခိုက်ပျက်စီးသွားတဲ့ကလေးတွေနဲ့ မိဘမဲ့သွားတဲ့ ကလေးတွေအတော်များများရှိလာတယ်လို့ အဲဒီကလေးတွေကိုထောက်ပံ့စောင့်ရှောက်နေတဲ့ ဂေါတမီရင်ခွင်အဖွဲ့ တည်ထောင်တဲ့သူ မနှင်းဇာဖြူက RFA ကိုပြောပါတယ်။

“စစ်ဖြစ်နေတဲ့ ဒေသတစ်ခုမှာ အခြေအနေအမျိုးမျိုးကြောင့် ရင်ခွင်မဲ့သွားတဲ့ ကလေးသူငယ်တွေရှိသလို ကိုယ်လက်အင်္ဂါဆုံးရှုံးလိုက်ရတဲ့ ကလေးတွေလည်း တနံတလျားရှိနေပါတယ်။ ဒီကလေးတွေကို ခေါ်ယူမွေး စားဖို့လိုအပ်တဲ့ကလေးတွေကို ခေါ်ယူပြီးတော့ပြုစုစောင့်ရှောက်ပေးသလို၊ သူတို့မှာ ဆွေမျိုးသားချင်း ရှိရင်လည်း ဆွေမျိုးသားချင်းတွေကတဆင့် ကျောင်းပညာရေးဆိုလည်း ကျောင်းပညာရေးပေါ့နော်။ အဖေကရှိသေးတယ်။ အမေက စစ်ပွဲကြောင့်ဆုံးသွားတယ်။ ကျန်းမာရေးတစ်ခုခုကြောင့် ဆုံးသွားတယ်။ အဲဒီလိုမျိုးဆိုရင်လည်း ထောက်ပံ့တာမျိုးကို ဂေါတမီအနေနဲ့ လုပ်ဆောင်နေပါတယ်”

ဒီလိုကလေးတွေကိုကုပေးဖို့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပညာရှင် မညိုမီက RFA ကို ပြောပါတယ်။

“ဒီကလေးတွေ ပြန်လည်ကုစားလာနိုင်ဖို့ဆိုတာ ကလေးတွေတင် ဒါမှမဟုတ် ကလေးတွေရဲ့ မိသားစုမှာတင် တာဝန်ရှိတာမျိုးမဟုတ်ဘဲနဲ့ ကျွန်မတို့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးအနေနဲ့ တာဝန်ရှိတယ်ဆိုတဲ့ အမြင်ပေါ့ ဒီအဆင့်ထိကို ကျွန်မတို့ သွားဖို့လိုတယ်”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကတော့ မြန်မာစစ်တပ်ဟာ ကလေးငယ်တွေရှိနေမှန်းသိတဲ့နေရာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေ တာတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့ မေလမှာ ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်တွေရဲ့ အသွင်ပြောင်းအစိုးရအနေနဲ့ ထုတ်ပြန်ပြောဆိုတာမတွေ့ရသေးပါဘူး။