မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီး အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး အာဏာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီ အပ်နှင်းလိုက် တယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရုံးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က ဧပြီ ၂၃ ရက်နေ့ညက ထုတ်ပြန်လိုက်ပါတယ်။
ဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို စစ်တပ်က တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်မှာ ဖြစ်ပြီး ပြစ်မှုအချို့ကို စစ်ခုံရုံးနဲ့ စစ်ဆေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ခုံရုံးနဲ့ စစ်မယ့်အမှုတွေထဲမှာ နိုင်ငံတော်သစ္စာဖောက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှု၊ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှုကို နှောင့်နှေးအောင်ပြုလုပ်မှုနဲ့ ဟန့်တားနှောက်ယှက်မှုတွေ ပါဝင်ပါတယ်။
ဒါ့အပြင် မမှန်သတင်း ဖြန့်ဝေမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မတရားအသင်းဆိုင်ရာ ပြစ်မှုတွေ၊ လက်နက် ဆိုင်ရာ ပြစ်မှုတွေ၊ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုတွေ အပါအဝင် အခြားဥပဒေအရ ပြစ်မှုအများစုကိုလည်း စစ်ခုံရုံးနဲ့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
စစ်ခုံရုံးက ပြစ်မှုထင်ရှားတယ်လို့ သတ်မှတ်ရင် သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ် အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ ဆိုထားပေမယ့် သေဒဏ်ချမှတ်မယ်ဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အတည်ပြုချက် လိုအပ်ပြီး၊ ထောင်ဒဏ်ချမှတ်မှုတွေကတော့ သက်ဆိုင်ရာ တိုင်းမှူးရဲ့ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်တယ်လို့ပြောပါတယ်။
စစ်ခုံရုံးဆုံးဖြတ်ချက်တွေမှာ အယူခံပိုင်ခွင့် မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ၁၅ ရက်အတွင်း ပြင်ဆင်မှု လျှောက်ထားနိုင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းမှူးတွေက ပြစ်ဒဏ်ကျခံရသူတွေရဲ့ ပြင်ဆင်မှုတင်ပြချက်တွေ ကို စိစစ်ပြီး ပြစ်ဒဏ်ပယ်ဖျက်ခြင်း၊ လျော့ပေါ့ခြင်း၊ ပြစ်ဒဏ်အမျိုးအစား ပြောင်းလဲခြင်း သို့မဟုတ် အတည်ပြုခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် လိုအပ်ရင် ပြစ်ဒဏ်တိုးမြှင့်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ခန့်အစိုးရနဲ့ စစ်တပ်ကတော့ ဒီလို စစ်အုပ်ချုပ်ရေးနဲ့ စစ်ခုံရုံးစနစ် အသုံးပြုခြင်းဟာ ဒေသတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုထား ပါတယ်။
ဒါပေမယ့် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေဟာ တော်လှန်ရေးအင်အားစုတွေကို အပြတ်အသက် ချေမှုန်းဖို့ စစ်ကြေညာလိုက် တာလို့ RFA ကို ပြောပါတယ်။
“ ဒီလိုမျိုးစစ်ကြေညာလိုက်ပြီဆိုရင် သေချာတာတစ်ခုကတော့ အရင်ဆုံးထိခိုက်မှာကတော့ အရပ်သားပြည်သူတွေပဲ၊ နောက်ထပ်တစ်ခုဆိုးတာကတော့ စစ်တပ်ကြေညာလိုက်တဲ့မြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေး ဆိုတာက သေနတ်ပြောင်းဝကပဲ လာတော့မယ်ဆိုတာကို တိုက်ရိုက် မက်ဆေ့ ပေး လိုက်တာပဲ၊ ငါတို့ဘယ်လိုကျူးလွန်မှုတွေပဲလုပ်လုပ် ငါတို့ပါးစပ်ကထွက်တဲ့ဟာသည် ငါတို့ရဲ့ ဥပဒေပဲ အဲဒီတော့ မင်းတို့ဘယ်လိုပဲ ပြောနေ ပြောနေ ငါတို့လုပ်စရာရှိတာလုပ်မယ်ဆိုတဲ့ဟာကို စစ်တပ်က ပြောလိုက်တာပါပဲ“
ဒါ့အပြင် အခုအမိန့်ဟာ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က သူယုံကြည်လို့ခန့်ထားတဲ့ တပ်ချုပ်ကို ရက်ကိုးဆယ်အတွင်း တော်လှန်ရေးအင်အားစုတွေကို အပြတ်ရှင်းလင်းဖို့ တရားဝင် တိုက်စစ်ဆင်ခိုင်းလိုက်တာလည်းဖြစ်တယ် သူကပြောပါတယ်။
