မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် နတ်ကြီးရွာမှာ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက ရှင်လောင်းလှည့်နေတဲ့ လူတန်းကို မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် ၁၇ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒဏ်ရာရတဲ့ ၁၇ ဦးထဲမှာ သက် ၁၆ နှစ်အောက် ကလေး ၅ ဦး၊ အသက် ၃၀ နဲ့ ၆၅ နှစ်ကြား ၁၂ ဦးပါဝင်ပြီး အားလုံးက ရှင်းလောင်းလှည့်နေတဲ့ လူတန်းမှာ ပါဝင်သူတွေလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်က ရွာအနောက်ခြမ်းကို ဗုံးနှစ်လုံးကြဲချပြီးချိန်မှာပဲ လေယာဉ် ပြန်လှည့်လာပြီး ရွာအရှေ့ခြမ်းက ရှင်လောင်းလှည့်နေတဲ့ လူတန်းကို ဦးတည် တိုက်ခိုက်တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဗုံးကြဲတာက ရွာအနောက်ဘက်ခြမ်းကို ကြဲတာ နေအိမ်ငါးလုံး ပျက်စီးတယ်။ ဗုံးကြဲပြီးတဲ့ အချိန်ကျမှ အလှူရှင်လောင်းလှည့်နေတာက ရွာအရှေ့ပိုင်းမှာလှည့်နေတာဆိုတော့ ရှင်လောင်းလှည့်နေတဲ့ အလှည့်တန်းကို ရောကတ်နဲ့ ပြန်ထုတာ။ ရောကတ်နဲ့ ပစ်တာတော့ ရှင်လောင်းလှည့်နေတဲ့ လူတန်းကို သက်သက်ကို ပြန်လှည့်ပစ်တဲ့ ပုံစံမျိုးပဲ”
အလှူအကြိုနေ့မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ရေစက်ချ၊ တရားနာတာတွေအတွက် လူစုလူဝေးထပ်မလုပ်ရတာကြောင့် အလှူပွဲလည်း ပျက်သွားတယ်လို့ သူက ပြောပါတယ်။ ဒဏ်ရာရသူ ၁၇ ဦးထဲမှာ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၆ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ် တလင်းကုန်းရွာမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဘုရားပွဲကျင်းပနေချိန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်တွင်း ဒုလ္လဘ ဝတ်နေကြတဲ့ ကိုရင်တွေထဲက ကိုရင်ကြီး နှစ်ပါး ပျံလွန်ခဲ့ပြီး နောက်ထပ် ကိုရင် ရှစ်ပါး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၇၈ ဦး ဦးသေဆုံးခဲ့ပါတယ်။
