ဧရာဝတီတိုင်း ငပုတောမြို့နယ်က ရိုးရာအုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်ကြသူတွေဟာ ဝယ်လိုအားကောင်းပေမယ့် ကုန်စျေးနှုန်းကြီးတဲ့ဒဏ်ကြောင့် အမြတ်မကျန်ဘဲ ခက်ခဲနေကြပါတယ်။
လယ်ကွင်းထဲက ရွှံ့တုံး၊ ရွှံ့ခဲတွေကနေ အဆောက်အအုံတည်ဆောက်လို့ရတဲ့ အုတ်ဖြစ်တဲ့အထိ အဆင့်ဆင့်လုပ်ကိုင်နေကြတဲ့ ငပုတောမြို့နယ်က ရိုးရာ အုတ်ဖိုလုပ်ငန်းခွင်တစ်ခုပါ။ ဒီလိုအုတ်ဖိုလုပ်ငန်းကို နိုဝင်ဘာလကနေ ဧပြီလအထိ မိုးလေကင်းတဲ့ ရာသီတွေမှာ လုပ်ကိုင်ကြပါတယ်။
အသက် ၄၆ နှစ်အရွယ် ဦးမောင်ဖုန်းက ငပုတောမြို့နယ် ကမ်းခြေဦးရွာက သူရဲ့အုတ်ဖိုမှာ လူအင်အား နှစ်ဆယ်လောက်နဲ့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေတာပါ။ အရင်နှစ်က အုတ်တစ်လုံးကို ငွေကျပ် ၁၅၀ သာရှိပြီး ဒီနှစ်မှာ ကျပ် နှစ်ရာအထိ ပေါက်စျေး ရှိပါတယ်။ အုတ်စျေးတက်ပေမယ့်လည်း ကိုယ်ပိုင်အရင်းအနှီးနဲ့ မလုပ်ကိုင်နိုင်တဲ့ ဦးမောင်ဖုန်းဟာ အုတ်ပေးပြီး ငွေကြိုယူရတဲ့ပုံစံနဲ့ အရောင်းအဝယ်လုပ်နေသူပါ။ ဒါကြောင့် သူ့အတွက် အုတ်တစ်လုံးကို ငွေကျပ် ခြောက်ဆယ်ပဲ ရပါတယ်။ အုတ်စျေးတက်သလို အလုပ်သမား လုပ်အားခလည်း အရင်နှစ်ထက်စာရင် ပိုပေးရတဲ့အတွက် ဦးမောင်ဖုန်းတစ်ယောက် အရင်လို အမြတ်သိပ်မကျန်တော့ပါဘူး။
"ကုန်စျေးနှုန်းတွေကလည်း မြင့်တယ်ကွယ်။ တို့ဆီက အခုလုပ်တဲ့ ပစ္စည်းတွေကလည်း စျေးလျော့တယ်ကွယ်။ အဲဒီတော့ တို့တွေ အရင်လိုတော့ စံချိန်မမီဘူးပေါ့"

သူတို့တွေဟာ ခြောက်သွေ့နေတဲ့ ရွှံ့ခဲတွေကို ပျော့လာအောင်လို့ အရင် လုပ်ယူရပါတယ်။ ပြီးရင်တော့ စပါးခွံနဲ့ သဲ အချိုးကျရောစပ်ပြီး ရွှံ့စေးရလာတဲ့အထိ ခြေနဲ့ နင်းကြရပါတယ်။ အဲဒီနောက်မှာတော့ အုတ်ရိုက်တဲ့သူဆီကို ပို့ပြီး အုတ်အဖြစ် ပုံဖော်ရိုက်နှိပ်ကြတာပါ။
အုတ်ရိုက်ပြီးရင်တော့ ခုနစ်ရက်လောက် နေလှန်းရပါတယ်။ အဲဒီနောက်မှာတော့ အုတ်ဖြစ်ဖို့ စပါးခွံ၊ ဖွဲ ဒါမှမဟုတ် ထင်းနဲ့ ဆယ်ရက်လောက် မီးဖုတ်ပြီးမှ အုတ်ဖြစ်လာတာပါ။ မီးကျက်ကျက်ထားတဲ့ အုတ်အဖြစ်ရောက်ဖို့ အဆင့် ရှစ်ဆင့်လောက် လုပ်ကိုင်ရသလို ရက်ပေါင်း နှစ်ဆယ်လောက် ကြာပါတယ်။
အသက် ၃၅ နှစ်အရွယ် ကိုနိုင်လင်းထွန်းက နံ့သာပုရွာကနေ ဦးမောင်ဖုန်းတို့ အုတ်ဖိုမှာ အုတ်ရိုက်နေတာပါ။ သူတို့ ငါးဦးအဖွဲ့က ရွှံ့တုံးကနေ အုတ်ခြောက်အောင် နေလှန်းပေးရပြီး တစ်နေ့ကို အုတ် ၁၅၀၀ ပဲထွက်အောင် လုပ်နိုင်ပါတယ်။ အုတ်တစ်လုံးလုပ်ခ ငွေကျပ် သုံးဆယ်ရလို့ သူတို့ ငါးဦးအဖွဲ့ဝင်ငွေက တစ်ရက်ကို လေးသောင်းခွဲ ဖြစ်ပါတယ်။ ငါးယောက်ခွဲယူရတဲ့အခါ တစ်ဦးကို ငွေကျပ် ကိုးထောင်ပဲ ရပါတယ်။
"ဆန်၊ ဆီ၊ ဆေးက အကုန်လုံး စျေးတက်နေတော့ အခု ကျွန်တော်တို့ရတဲ့ဝင်ငွေနဲ့က မကိုက်ဘူး။ အမှန်ကတော့ ကျွန်တော်တို့တွေ ရတာကျတော့ အနည်းဆုံး တစ်သောင်း၊ တစ်သောင်းခွဲလောက်ရမှ ဒီမိသားစုနဲ့ ဖူလုံမှာပေါ့"
"ဆန်၊ ဆီ၊ ဆေးက အကုန်လုံး စျေးတက်နေတော့ အခု ကျွန်တော်တို့ရတဲ့ဝင်ငွေနဲ့က မကိုက်ဘူး"
ဦးမောင်ဖုန်းတို့ အုတ်ဖိုမှာ တာဝန်ခံ လုပ်နေတဲ့ အသက် ၅၀ အရွယ် ဦးဝင်းဆန်းက လပွတ္တာမြို့နယ်ကနေ လာရောက်လုပ်ကိုင်တာပါ။ ပြီးခဲ့တဲ့နှစ်က အုတ်ရိုက်အဖွဲ့ သုံးဖွဲ့နဲ့ လုပ်ကိုင်ခဲ့ရာကနေ အခုနှစ်မှာ ဝယ်လိုအားများလာလို့ ငါးဖွဲ့အထိ တိုးချဲ့လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ လုပ်သားတွေမမြဲလို့ အရင်လို အုတ်မထွက်တော့ဘူးလို့ ဦးဝင်းဆန်းက ပြောပါတယ်။
"အခုနေကတော့ ဝယ်သူကတော့ အုတ်ထွက်ရင်တော့ ရောင်းကောင်းပါတယ်၊ သူ့ဟာလေးနဲ့သူ။ အုတ်က ဒီနှစ် မထွက်ဘူး။ အဲဒီလိုပေါ့၊ လူက ဗျောက်သောက်ပေါ့။ ဝင်လိုက်ထွက်လိုက်၊ ဝင်လိုက်ထွက်လိုက်"
အုတ်တစ်သိန်းထွက်တဲ့ အုတ်ဖို တစ်ဖိုဆိုရင် ငွေကျပ် သိန်းခုနစ်ဆယ်ဝန်းကျင် ရင်းနှီးကုန်ကျတယ်လို့ သူက ပြောပါတယ်။ အုတ်ဖိုတစ်ဖိုကို အနည်းဆုံး အုတ်အလုံးရေ သုံးသောင်းကနေ တစ်သိန်းအထိ ဖုတ်ကြပါတယ်။ လက်ရှိမှာတော့ အုတ်ဖုတ်ဖို့ လောင်စာဖြစ်တဲ့ စပါးခွံတွေ ရှားပါးလာတာကြောင့် ထင်းဖိုတွေ ပိုများလာတယ်လို့ အုတ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ရိုးရာအုတ်လုပ်ငန်းနဲ့ အသက်မွေးကြသူတွေက ကုန်စျေးနှုန်း ကြီးမြင့်လာသလို ကိုယ်ပိုင် ငွေကြေးနဲ့ မရပ်တည်နိုင်ကြလို့ ဝင်ငွေနဲ့ထွက်ငွေ မမျှတဲ့အပေါ် ကုန်စျေးနှုန်းတွေ ပြန်ကျဖို့ပဲ မျှော်လင့်နေကြပါတယ်။