အိမ်လွမ်းသူတွေအတွက် ချင်းမိုင်မြို့က မြန်မာမုန့်ဆိုင်
2024.01.23

“ဒီနေ့က မုန့်လင်မယားပဲပြုတ်နဲ့ ရတယ်။ ငုံးဥနဲ့ရတယ်။ ပြီးရင် ဘိန်းမုန့်၊ လမ်းသရဲမုန့်၊ ရေမုန့်နဲ့ ဆနွင်းမကင်းအစုံရပါတယ်။ ဒီနေ့ရဲ့စပါယ်ရှယ်မီနူးကတော့ ဒါပါ”
သူကတော့ အသက် ၃၄နှစ်အရွယ် မဇင်မီချို ဖြစ်ပြီးတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ညစျေးတွေမှာ မြန်မာမုန့်တွေရောင်းချနေသူပါ။
မြန်မာပြည်မှာ B.E(Mechatronics) အင်ဂျင်နီယာဘွဲ့ ရခဲ့ပြီး အသေးစားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပေမယ့် အခု နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့ကစလို့ ချင်းမိုင်မြို့က တနင်္ဂနွေညစျေးမှာ (Sunday Night Market) မှာ မြန်မာမုန့်တွေစရောင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
“မုန့်ရောင်းနေတဲ့အချိန်မှာလည်း အမြဲတမ်းမိတ်ဆက်တယ်။ ဒါက Myanmar Traditional Food ဖြစ်တယ်။ သူတို့အရင်က စားဖူးတယ်။ မြန်မာနိုင်ငံကို အရင်က လာဖူးတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူတို့လာလို့ အဆင်ပြေတဲ့အတွက် ဒီဟာလေးတွေကို ဒီမှာမြည်းစမ်းခွင့် ပေးတယ်။ တစ်ချိန်ချိန်မှာတော့ အစ်မတို့ မြန်မာနိုင်ငံကိုလည်း ပြန်လာပေါ့ဆိုပြီး ဖိတ်ခေါ်ရင်းနဲ့ မြန်မာမုန့်လေးတွေ ခိုင်ခိုင်မာမာ ရောင်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာပါ”
သူအဓိကရောင်းတာက ဆနွင်းမကင်းမျိုးစုံ၊ ရေမုန့်၊ မုန့်လင်မယား၊ ဘိန်းမုန့် တို့ဖြစ်ပါတယ်။
ဇင်းမယ်ချိုဆိုတဲ့ နာမည်နဲ့ အခုလိုမြန်မာမုန့်တွေရောင်းချလာတာ တစ်လဝန်းကျင်ပဲ ရှိသေးပေမဲ့ မြန်မာတွေအပြင် နိုင်ငံခြားသား ခရီးသွားတွေနဲ့ ထိုင်းလူမျိုးတွေကပါ ဒီမုန့်တွေကို အလွန်ကြိုက်နှစ်သက်ကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က မြန်မာ့ရိုးရာအစားအစာတွေကို ကမ္ဘာကသိအောင် မိတ်ဆက်ရင်း မြန်မာ့ရိုးရာမုန့်တွေရဲ့ လတ်ဆတ်တဲ့ အရသာကိုလည်း မြည်းစမ်းစေချင်တဲ့အတွက်လို့ ဆိုပါတယ်။
မြန်မာမုန့်တွေ မစားရတာကြာတော့ လွမ်းနေခဲ့ပြီး ဇင်းမယ်ချိုဆိုင်က မုန့်လေးတွေက မြန်မာပြည်ကို ပိုပြီးလွမ်းစေခဲ့တယ်လို့ ဘန်ကောက်မြို့ကနေ ချင်းမိုင်ကို လာရောက်လည်ပတ်တဲ့ မဆွေက ပြောပါတယ်။
“ဒီမှာတွေ့တာ မုန့်တွေကတော့အစုံပဲ။ အပြင်ကလည်း နည်းနည်းစားလာတော့ အဆာပြေအနေနဲ့ မုန့်လင်မယားကို ပဲပြုတ်ရယ်၊ လမ်းသရဲမုန့် စပ်စပ်လေးရယ် စားဖြစ်တယ်။ စားကောင်းတယ်။ မစားရတာ ကြာတော့လည်း ပိုကောင်းစေတယ်။ သူရဲ့ ပုံမှန်အရသာကလည်း ကောင်းတယ်။ မစားရတာလည်း ကြာတော့ လွမ်းနေတာနဲ့ ပိုစားကောင်းတယ်။ မြန်မာပြည်မှာ စားရတဲ့ အရသာနဲ့ ထပ်တူကျတယ်။ အစာပလာတွေ အကုန်လုံးလည်းအတူတူပဲ”
ဒါ့အပြင် မြန်မာမုန့်တွေကို နိုင်ငံခြားသားခရီးသွားတွေ သိရှိပြီး အမှတ်တရဖြစ်သွားစေတဲ့အတွက် ဝမ်းသာဂုဏ်ယူရတယ်လို့လည်း မဆွေက ပြောပါတယ်။
“ဒီမှာစားနေရင်းလည်း နိုင်ငံခြားသားခရီးသွားတွေလည်း ဆိုင်ကို စိတ်ဝင်စားကြတယ်။ မေးတယ်။ စားတယ်။ စားကောင်းတယ် ဆိုတော့လေ။ ကိုယ့်နိုင်ငံက အစားအစာကို သိသွားတာပေါ့လေ။ ကိုယ်တွေလည်း သူများနိုင်ငံက အစားအစာ ဂင်မ်ချီ ဘာညာ ကြိုက်တယ်လေ။ သူတို့လည်း စားကြည့်ပြီး ကြိုက်သွားတာ့ ကောင်းတာပေါ့”
ဇင်းမယ်ချိုမြန်မာမုန့်တွေကို ချင်းမိုင်မြို့က အထင်ကရစျေးတွေဖြစ်တဲ့ Friday Market, Saturday Night Market, Sunday Night Market နဲ့ Anusarn Market တို့မှာ ရက်အလိုက် ရောင်းချနေတာပါ။
မြန်မာပြည်ကနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အလည်ရောက်နေတဲ့ ဦးဘခင်မောင်ကတော့ မြန်မာအစားအစာကို ကြိုက်နှစ်သက်တဲ့အတွက် ပြည်ပနိုင်ငံမှာ မြန်မာအစားအစာ ဘယ်လိုရောင်းချလဲ သိချင်တဲ့အတွက် အရသာ လာမြည်းစမ်းတယ်လို့ ဆိုပါတယ်။
“အန်ကယ်က ဗမာပြည်ကဆိုတော့ ဗမာအစားအစာ ကြိုက်တယ်လေ။ အခု ထိုင်းနိုင်ငံရောက်တော့လည်း ဗမာတွေ ဗမာအစားအစာတွေ ဘယ်လိုရောင်းကြလဲ အရသာဘယ်လိုရှိလဲ သိချင်တာနဲ့ လျှောက်ကြည့်ရင်း ဗမာဆိုင်တွေတော့ လမ်းသရဲခေါက်မုန့်တို့ ဘိန်းမုန့်တို့ ဆနွင်းမကင်းတို့၊ မုန့်လင်မယားတို့ ရောင်းတာတွေတော့ စမ်းစားကြည့်တာပါ။”
အခုလို မြန်မာမုန့်လေးတွေကို ကိုယ့်နိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေကပါ ကြိုက်နှစ်သက်တဲ့အတွက် ဝမ်းသာရသလို မြန်မာ့အစားအစာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် ဖြစ်လာဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
“အခုလို ထိုးဖောက်ပြီး ရောင်းချနိုင်တယ်ဆိုတော့ ဝမ်းသာရမှာပေါ့ ဗမာအစားအစာပဲ။ ထိုးဖောက်ရုံတင်မဟုတ်ဘူး အောင်မြင်ဖို့ပါ ဝိုင်းပြီးတော့ အားပေးရမှာပေါ့။ အောင်မြင်လာတယ်ဆိုရင် ပြည်ပမှာလည်း ဗမာအစားအစာက တွင်တွင်ကျယ်ကျယ် ဖြစ်လာတာပေါ့”
အဝေးရောက် မြန်မာတွေအတွက် အမေ့အိမ်ကို လွမ်းနေတဲ့အချိန် အိမ်မပြန်ရသေးခင်မှာ မြန်မာမုန့်လေးတွေ စားချင်တာလေးတွေကို စားခွင့်ရအောင် အမြဲကူညီသွားမယ်လို့ မဇင်မီချိုက ဆိုပါတယ်။
“အမေ့အိမ်ကို ပြန်ရောက်သွားတဲ့အခါမှာ ကိုယ်စားချင်တာလေးကို တောင့်တသလိုမျိုး၊ တောင်းဆိုသလိုမျိုး အစ်မ လုပ်ပေးမယ်ပေါ့နော်။ စားချင်တာ ရှိတယ်ဆိုရင် ဇင်းမယ်ချို(Zin Me Cho Page) မှာ လာရေးပေးပါ။ အိမ်ကို လွမ်းတယ် အိမ်ကို မပြန်ရသေးခင်မှာ စားချင်တာလေးတွေ စားရဖို့အတွက် လုပ်ပေးမယ်”
ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတိုင်း ကိုယ့်ရိုးရာ မုန့်လေးတွေကို လွမ်းဆွတ်ကြတာ အမြဲလိုလိုပါ။ အခုလို လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ မြန်မာမုန့်လေးတွေကို ထိုင်းနိုင်ငံမှာသာမက တခြားတိုင်းပြည်တွေမှာလည်း မိတ်ဆက်ခွင့် ရမယ်ဆိုရင် သွားရောက်မိတ်ဆက် မြည်းစမ်းစေချင်ပါသေးတယ်လို့ မဇင်မီချိုက ပြောပါတယ်။