မီးရှို့လုယက်ခံရတဲ့မြောင်နယ်က အမျိုးသမီးတွေရဲ့ကိုယ်တွေ့
2023.07.02
“ကျွန်မတို့မြောင်မြို့နယ်မှာ ၈၆ ရွာရှိတယ်။ စစ်ကြောင်းက အကြိမ်ကြိမ် အခါခါ ထိုးရုံတင်မကဘူး၊ အိုးအိမ်တွေကိုပါဖျက်ဆီးတယ်။ မီးရှို့တယ်။ တစ်ချို့ အိမ်တွေမှာ အထက်အောက်တွေခွာတယ်။ ပန်ကာတွေပါရိုက်ချိုးတယ်”
ဒါကတော့ မြောင်မြို့နယ်က လူသားစာနာအဖွဲ့မှာပါဝင်နေတဲ့ CDM ကျောင်းဆရာမ ဒေါ်ရွှေဆင့် ပြောပြနေတာပါ။
ဒေသခံတွေဟာ စစ်ကြောင်းရွာကိုရောက်လာပြီး မီးရှို့ခံရတဲ့အခါ ဆုံးရှုံးတာတွေ နည်းအောင် သူတို့ပိုင်တဲ့ပစ္စည်းတွေကို သိမ်းကြ၊ ဖွက်ကြရပါတယ်။
"အိမ်ထောင်ဦးစီး စုဆောင်းပြီး ကျွန်မကို အမှတ်တရပေးထားတဲ့ လက်စွပ်လေးပဲ ပါပါတယ်။ မင်္ဂလာဦး အမှတ်တရပေးထားတဲ့ လက်စွပ်လေးမို့ မဖြုတ်ပါနဲ့ တောင်းပန်တာတောင် အတင်းဆွဲဖြုတ်ပြီး ယူသွားပါတယ်”
အဲဒီအခါ အိမ်သာတွေမှာထည့်ပြီး ဖွက်ထားခဲ့တာတွေလည်းရှိပါတယ်။ ဒါပေမဲ့ သိမ်းထားဖွက်ထားတာတွေပါ မွှေနှောက်ရှာဖွေ မီးရှို့ခံရတယ်လို့ လူသားစာနာအဖွဲ့တာဝန်ခံကပြောပါတယ်။
“တစ်ချို့ဆိုကြောက်ရှာတယ်။ ငါတို့အိမ်ထားရင်တော့လွတ်မှာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းထားမယ်။ အိမ်သာထဲထားမယ်ပေါ့နော်။ ဒါပေမဲ့ စစ်ကြောင်းက အိမ်သာထဲထားတဲ့ပစ္စည်းတွေကိုလည်း ထုတ်ပြီး မီးရှို့တယ်။ အဲဒီမှာ ဘုန်းကြီးကျောင်းကို အပ်ထားတဲ့ပစ္စည်းတွေကိုလည်း မီးရှို့တယ်။ မီးမရှို့ရင်လည်း ဆန်တွေကို ဖြန့်ကြဲတယ်။ မဟုတ်ရင်လည်း မြေဩဇာတွေနဲ့ရောမွှေသွားတယ်။”
ပျူစောထီးတွေရဲ့မိန်းမတွေကလည်း လိုချင်တဲ့ပစ္စည်းယူကြတယ်လို့ပြောပါတယ်။
“ခုတော့ပျူစောထီးတွေတင်မကဘူး ပျူစောထီးတွေရဲ့မိန်းမတွေ ပါလာတယ်။ အဲဒီပျူစောထီးရဲ့ မိန်းမတွေက ကျွန်တော်တို့ပြည်သူတွေ တစ်သက်လုံးစုဆောင်းထားတဲ့ ပစ္စည်းတွေကို အကုန် ထုတ်ပိုးယူကြတယ်။ ရေခဲသေတ္တာယူတယ်။ တီဗွီယူတယ်။ ကြမ်းကအစ ခွာယူတာ အင်မတန်ရုပ်ဆိုးတယ်။”
စစ်ကောင်စီစစ်ကြောင်း ထိုးလို့ထွက်ပြေးရင်း ရင်ဆိုင်တိုးမိတဲ့အခါ သူတို့ လက်ဝတ်လက်စားနဲ့ ငွေတွေပါ လုယက်ခံရတဲ့အကြောင်းလည်းပြောပြပါတယ်။
“ကျွန်မတို့က လှည်းတွေနဲ့ပြေးရတယ်။ လှည်းနဲ့ပြေးတဲ့အချိန်မှာ စစ်ကြောင်းနဲ့တန်းတိုးတယ်။ ဒေါ်ကြီးမြရဲ့ ရှေးလက်စွပ်ကြီးက တစ်ကျပ်သားလောက်ရှိတယ်။ လှည်းရံတိုင်ကို ကိုင်ထားတာမြင်တော့ သူတို့ကလိုချင်တယ်။ သူတို့ကဘုန်းကြီးကျောင်းထဲအထိလိုက်ပြီးယူတာ။ ကျွန်မတို့ ပါလာတဲ့ လက်စွပ်လေးတို့၊ စုဆောင်းထားတာတို့၊ ကလေးမုန့်ဖိုးတွေကို မိန်းမတွေရဲ့ ဘော်လီတွေထဲ ထမီတွေထဲ ခါရှာချွတ်ပီး သူတို့ကအကုန်လုံးယူကြတာ”
"ဒီလိုအိမ်လေးကို ကျွန်မယောက်ျား ပြန်မဆောက်ပေးနိုင်တော့သလို ကျွန်မလက်စွပ်လေးကိုလည်း ဘယ်တော့မှ ပြန်လုပ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး”
မီးလောင်နေတဲ့အိမ်ရှေ့မှာ ရင်ဘတ်စည်တီး ငိုကျွေးနေတဲ့သူကတော့ ဒေါ်မြဖြစ်ပါတယ်။ သူက မုဆိုးမ တစ်ယောက်ပါ။ သူ့ရဲ့အိမ်မီးလောင်သွားရုံသာမက သွားလေသူ လင်ယောက်ျားဆင်ထားတဲ့ အမှတ်တရလက်စွပ်လေးကို စစ်သားတွေက အတင်းယူသွားတယ်လို့ပြောပြပါတယ်။
“မနက် ၈ နာရီလောက် သူတို့ရွာကိုဝင်ပြီး မီးရှို့တော့ ကျွန်မ သမီးလေးဆယ့်နှစ်နှစ်သမီးလေး မသန်စွမ်းလေးကိုပွေ့ပြီး ကျွန်မကျောင်းထဲကိုပြေးပါတယ်။ ပြေးတော့သူတို့နဲ့တွေ့တယ်။ သူတို့နဲ့တွေ့တော့ ပိုက်ဆံပါတဲ့သူ၊ နားကပ်ပါတဲ့သူ၊ ဆွဲကြိုးပါတဲ့သူတွေ၊ နားကပ်ပါတဲ့သူတွေကိုအကုန်တောင်း။ ကျွန်မကတော့ နားကပ်တောင်မပါပါဘူး။ အိမ်ထောင်ဦးစီး စုဆောင်းပြီး ကျွန်မကို အမှတ်တရပေးထားတဲ့ လက်စွပ်လေးပဲ ပါပါတယ်။ အဲဒီလက်စွပ်လေးကိုမြင်မှာ စိုးလို့ ဒီလိုလေးဖွက်ထားတာကို မရဘူး။ အတင်းဖြုတ်ပါတယ်။ မင်္ဂလာဦး အမှတ်တရပေးထားတဲ့ လက်စွပ်လေးမို့ မဖြုတ်ပါနဲ့ တောင်းပန်တာတောင် အတင်းဆွဲဖြုတ်ပြီး ယူသွားပါတယ်”
အခုတော့ သူ့မှာ ဒီလက်စွပ်လေးအတွက် အင်မတန်စိတ်ထိခိုက်နေပြီလို့ပြောပြပါတယ်။
“ကျွန်မတို့မှာ အခုဘာမှမရှိတော့ပါဘူး။ လက်မဲ့ကျန်တာပါ။ သူမရှိတဲ့အချိန်မှာ သူပေးထားတဲ့ လက်စွပ်လေးလို့ ခံစားရပါတယ်။ ညတိုင်း အိပ်ရင်လည်း လက်စွပ်လေးကို ခေါင်းခုပြီးတော့အိပ်ပါတယ်။ ကျွန်မ ဒီလက်စွပ်နဲ့ပတ်သက်ပြီး စိတ်ဝေဒနာခံစားနေရပါတယ်။ ဒီလိုအိမ်လေးကို ကျွန်မယောက်ျား ပြန်မဆောက်ပေးနိုင်တော့သလို ကျွန်မလက်စွပ်လေးကိုလည်း ဘယ်တော့မှ ပြန်လုပ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး”