အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ရွာအနီးက စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေက သိမ်းယူလိုက်ချိန်ကစလို့ အရင်က စစ်မဲ့ဇုန်လို့ တင်စား ခေါ်ဝေါ်ခဲ့တဲ့ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအိုမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန် လာပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ်ထဲက ဆွမ်ပီယာန်၊ အင်စီယာန် ၊ လုံရှာယာန်၊ ဖတ်မာ စတဲ့ကျေးရွာတွေက ဒေသခံ ခြောက်ထောင်ကျော်ဟာ ပူတာအို၊ မြစ်ကြီးနားနဲ့ နီးစပ်ရာ တောတောင်တွေမှာ ဖြစ်သလို ပုန်းခိုနေရပါတယ်။
အဲဒီထဲမှာ ဖတ်မာကျေးရွာအုပ်စုထဲက ဖတ်မာ၊ ဖတ်မာယန်နဲ့ ဖတ်မာဒီးရွာက ဒေသခံ ငါးရာကျော်လည်း ပါဝင်ပါတယ်။ သူတို့ထဲက အများစုက ပူတာအိုမြို့ပေါ်ကို ထွက်ပြေးပြီး နီးစပ်ရာ ဆွေမျိုးသားချင်းတွေထံမှာ ယာယီခိုလှုံနေရတာပါ။
ဖတ်မာရွာဟာ အုပ်စုရွာကြီးဖြစ်ပြီး ဖတ်မာဒီး၊ ဖတ်မာဒါး၊ ဖတ်မာယန်၊ ဖတ်မာဇွတ်၊ လုံဂါဂေါင်၊ လုံဂါယန် ဆိုတဲ့ ရွာ ခြောက်ရွာ ပါဝင်ပါတယ်။ အဲဒီရွာတွေအားလုံးနီးပါးဟာ ပူတာအိုမြို့ပေါ်ကနေ မိုင် ၂၀ ခန့်အကွာမှာ တည်ရှိပါတယ်။
အခုတော့ အချိန်ကြာလာတာနဲ့အမျှ နေ့စဥ် စားဝတ်နေရေးက တစ်ဖက်၊ စွန့်ပစ်ထား တဲ့ရွာကို စစ်တပ်က မီးဝင်ရှို့မှာလည်း စိုးရိမ်တာကြောင့် ပူတာအိုကို ထွက်ပြေးခဲ့တဲ့ မိသားစုတွေထဲက တစ်မိသားစုကို အနည်းဆုံး တစ်ဦး၊ နှစ်ဦး စသဖြင့် ခြံစောင့်၊ အိမ်စောင့် သဘောမျိုး ရွာတွေမှာ ပြန်လာနေထိုင်တာ နှစ်လနီးပါးရှိပါပြီ။
စားဝတ်နေရေးနဲ့ ရွာကို စောင့်ရှောက်ဖို့အတွက် ပြန်လာရပေမယ့် စိုးရိမ်ကြောက်ရွံ့စိတ်က အမြဲရှိနေတယ်လို့ ဖတ်မာဒီးရွာသား ဦးဇော်မွန်းအောင် က ပြောပါတယ်။
“ဘာကြောင့်ပြန်လာလဲဆိုတော့ စားဝတ်နေရေးကြောင့် ဖြစ်တယ်။ နံပါတ် ၂ အချက်က ကျနော်တို့ အိမ်တွေ မီးရှို့မှာ ကြောက်တယ်။ လူမရှိရင် သူတို့က မီးရှို့မယ်ပြောတာကိုး၊ အဲဒါကိုလည်း ကြောက်တယ်။ အဲဒါကြောင့်မို့ တစ်အိမ်မှာ တစ်ယောက်တော့ အနည်း ဆုံး ကျန်ရမှာပေါ့။ ပြောမယ်ဆို ကျနော်တို့ အိမ်ဘေးနားက မရှိရင်လည်း သွားကြည့် ပေးရတယ်။ အဲလိုမျိုး အခြေအနေဟုတ်တယ်။ ကျနော်တို့ အနှစ်နှစ်အလလ လုပ်ထား တဲ့ အိမ်တစ်လုံး မီးရှို့ခံရမှာတော့ ကျနော်တို့လည်း မကြိုက်ဘူး”
တစ်ခါတစ်ရံ ရွာထိပ်မှာ စစ်တပ်က စခန်းလာချတာ ရှိသလို၊ ရွာနီးချုပ်စပ်မှာလည်း KIA၊ PDF တွေ သွားလာလေ့ ရှိတာကြောင့် သူတို့ ရွာမှာ တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင် တယ်လို့ ဦးဇော်မွန်းအောင် က ပြောပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နေ့ကတည်းက တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် ပူတာအိုမြို့နယ်မှာတော့ အာဏာသိမ်းပြီး တစ်နှစ်ကြာမှ တိုက်ပွဲတွေနဲ့ ပထမဆုံးအကြိမ် ကြုံဖူးတာလို့ ဖတ်မာရွာက ဒေသခံတွေက ပြောပါတယ်။
ဖတ်မာဒီး အပါအဝင် ဖတ်မာရွာအုပ်စုထဲက ကျေးရွာတိုင်းလိုလို လက်နက်ကြီးဒဏ်ကို ကာကွယ်ဖို့ ကတုတ်ကျင်းကိုယ်စီ တူးထားကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ပူတာအိုမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖတ်မာရွာက ဒေသခံတွေ ဟာ ဒုက္ခသည်စခန်းဖွင့်ပြီး နေထိုင်ရတာမျိုးမဟုတ်ဘဲ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ ခိုလှုံ နေရတာပါ။
"အရင်ကလို လွတ်လွတ်လပ်လပ်နဲ့ ကိုယ်နေချင်သလိုနေရဖို့ လိုချင်တယ်"
သူတစ်ပါးအိမ်မှာ ဖြစ်သလို ခိုလှုံနေထိုင်ရတာကြောင့် ပိုခက်ခဲတယ်လို့ ဖတ်မာယန်ရွာသူ စစ်ဘေးဒုက္ခသည် ဒေါ်ဂျာတောင် က ပြောပါတယ်။
“စိတ်အေးလက်အေးတော့ မနေရဘူး။ ဘယ်ချိန် ပြန်ပြေးရမလဲ၊ ဟိုတစ်လောကလို ဘယ်ချိန်ပြန်ဖြစ်လာမလဲ အဲလိုပဲ တွေးနေမိတယ်။ အခုတော့ အဲလိုမဖြစ်ပါစေနဲ့တော့၊ ထပ်ပြီးပြေးရတာမျိုးလည်း မရှိပါစေနဲ့လို့ တွေးမိတယ်။ ပြေးရတယ်ဆိုတာ ကလေးနဲ့ ဘာနဲ့ သူများအိမ်မှာနေရတာ အရမ်းခက်ခဲတယ်။ အိမ်ရှင်ကိုလည်း အားနာရတယ်။ ထမင်းချက်စားတာတောင် အိမ်အပြင်မှာပဲ ချက်စားရတယ်”
ဒေါ်ဂျာတောင် မှာ ဉာဏ်ရည်မမီ ပုံမှန်မဟုတ်တဲ့ သမီးတစ်ဦးအပါဝင် မိသားစုဝင် စုစုပေါင်း ခုနစ်ဦးရှိပါတယ်။ မိသားစုများတော့ သူတစ်ပါးအိမ်မှာ မှီခိုနေထိုင်ရတာ ပိုခက်ခဲတယ်လို့ ဆိုပါတယ်။
ပူတာအိုမြို့နယ်က ဒုက္ခသည်တွေရဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် စစ်ကောင် စီ ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ကို မေးမြန်းတဲ့အခါ ဒုက္ခသည်တွေ အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့ စီမံထားတယ်လို့ ပြောပါတယ်။
“ပြည်သူတွေက စိုးရိမ်မှာပဲ။ တိုက်ပွဲဖြစ်လာပြီဆိုရင် ကျနော်တို့လည်း ပြောရရင် ကိုယ့်ပြည်နယ်ထဲမှာတော့ တည်ငြိမ်အေးချမ်းတာ ကျနော်တို့က လိုချင်တာကိုး၊ အဲအတွက်လည်း အစိုးရအဖွဲ့အနေနဲ့ တောက်လျှောက်ကြိုးစားနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် ဘယ်လို ဖြည့်ဆည်းရမလဲ ကျနော်တို့က စဉ်းစားတယ်။ နောက်တစ်ခုက ကျနော်တို့က တိုက်တဲ့သူတွေမှ မဟုတ်တာ။ အစိုးရဆိုတာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု လုပ်ပေးတဲ့ အဖွဲ့တွေကို ဖြစ်လာပြီဆိုရင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့ ကျနော်တို့က စီမံထားတာပေါ့”
ဘယ်လို အစီမံတွေ လုပ်ထားသလဲဆိုတာကိုတော့ သူက အတိအကျ ပြောမသွားပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ပြည်တွင်းမှာပဲ ရွှေ့ပြောင်းနေထိုင်ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်း တစ်သိန်းကျော် ရှိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန်တဲ့ UNICEF (Myanmar) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဇွန်လ ၆ ရက်နေ့ကတည်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေး ကျင်းပခဲ့သလို ဒီဆွေးနွေးပွဲကို ဦးဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ ပရက်ဆော့ခွန်းရဲ့ ခရီးစဥ် ပြီးဆုံးသွားပေမယ့် ပူတာအိုမြို့နယ်အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းက ဒုက္ခသည်တွေကို လက်တွေ့အကူအညီပေးနိုင်ရေးကိစ္စတွေဟာ ဖြစ်မလာသေးပါဘူး။
ဖတ်မာယန်ရွာက ကလေးသုံးဦး မိခင် စစ်ဘေးဒုက္ခသည် ဒေါ်နန်ဂျာ ကတော့ အရင်လို လွတ်လွတ်လပ်လပ် ဘဝမျိုးနဲ့ ရွာမှာပဲ လုပ်ကိုင်ရှာဖွေရင်း နေ့စဥ်ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းချင်တယ်လို့ ဆိုပါတယ်။
“ကျမတို့ ပြည်သူတွေက ငြိမ်းချမ်းရေးကို လိုချင်တယ်။ အရင်ကလို လွတ်လွတ် လပ်လပ်နဲ့ ကိုယ်နေချင်သလို နေရဖို့ လိုချင်တယ်။ စစ်ရှောင်တယ်ဆိုတာ ကျမတို့ ခက်ခဲသလို သူများတွေလည်း ခက်ခဲမှာပဲ။ ဒါကြောင့် စစ်ရှောင်စရာမလိုဘဲ ဟိုမ သွားရဘူး၊ ဒီမသွားရဘူး မရှိဘဲ အရင်လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှာဖွေစားသောက် ချင်တယ်။ စစ်ရှောင်တာကြောင့် လူအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး မှာလည်း အရမ်းနောက်ကျတယ်”
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသအခြေစိုက် ကချင်အဖွဲ့စည်းတွေရဲ့ စာရင်းတွေအရ ၂၀၁၁ ခုနှစ် ကချင်တစ်ကျော့ပြန် စစ်ပွဲဖြစ်ချိန်ကနေ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်အထိ ကချင်ပြည်နယ်တစ်ခုလုံးမှာ ဒုက္ခသည် စခန်းပေါင်း ၁၆၀ ကျော်ရှိပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲနီးပါး ရှိပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုးလာတဲ့အတွက် ကချင်ပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည်စုစုပေါင်း တစ်သိန်းခြောက်သောင်းကျော် ရှိနေပါတယ်။
