စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်လို့ သေဆုံးခဲ့တဲ့ ကဗျာဆရာ ခက်သီရဲ့ဈာပန

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ကဗျာဆရာ ခက်သီကို မေလ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ရွှေဘိုမြို့မှာ ဖမ်းဆီးခဲ့ပြီး မေလ ၉ ရက်နေ့မှာ ကျောက်မြောင်း စစ်ကြောရေးစခန်းမှာ သေဆုံးသွားခဲ့ပါတယ်။ ကဗျာဆရာ ခက်သီ (အမည်ရင်း ကိုဇော်ထွန်း) ဟာ စစ်ကိုင်းတိုင်း ပုလဲမြို့ဇာတိ ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်နေစဉ် ဖမ်းမိသွားခဲ့တာပါ။ မေလ ၁ဝ ရက်နေ့က ကဗျာဆရာခက်သီရဲ့ ဇာတိမြို့မှာ ပြုလုပ်တဲ့ ဈာပနကို ဒေသခံ ထောင်နဲ့ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ကဗျာဆရာ ခက်သီရဲ့…
"သူတို့က ခေါင်းကို ပစ်တယ်။
တော်လှန်ရေးက နှလုံးသားမှာ ရှိတာ
သူတို့ မသိကြဘူး"… ဆိုတဲ့ကဗျာဟာ ပြည်သူတွေကြားမှာ ပျံ့လွင့်ကျော်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးကလည်း ကဗျာဆရာခက်သီ သေဆုံးမှုကို ဝမ်းနည်းကြောင်း သူ့ရဲ့ Twitter လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ကဗျာဆရာ ခက်သီရဲ့ "ရှင်သန်ခြင်း ရှင်းတမ်း" ဆိုတဲ့ ကဗျာကို ရင်းနှီးကျွမ်းဝင်သူ မိတ်ဆွေတဦးက အမှတ်တရ ရွတ်ဆိုထားတာကို ဖော်ပြပေးလိုက်ပါတယ်။