အိမ်ပြန်ဖို့ခက်နေတဲ့ AA ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်
2024.12.13

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတချို့က အိမ်ပြန်ဖို့ အခက်ကြုံနေကြဆဲပါ။
အဲဒီအထဲမှာ အသက် ၄၄ နှစ်အရွယ် ဒေါ်ပပဝင်းလည်း ပါဝင်ပါတယ်။ သူဟာ တစ်ချိန်က ဘူးသီးတောင်မြို့က နိုင်ငံတကာ လူမှုအဖွဲ့အစည်းတစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး အခုတော့ AA ထိန်းချုပ်နယ်မြေမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ အသက် ၈၀ ကျော်အရွယ် မိခင်၊ သမီးတစ်ဦးတို့နဲ့အတူ စျေးရောင်းရင်း ရပ်တည်နေတာပါ။
ဒေါ်ပပဝင်းတို့ဟာ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင် လက်နက်ကိုင်တွေကြောင့် ပြီးခဲ့တဲ့ဧပြီကတည်းက စွန့်ခွာထွက်ပြေးလာခဲ့ကြရတာလို့ ဆိုပါတယ်။
“ညဆိုရင် လူကို ဒုက္ခပေးတယ်။ ဒုက္ခပေးတယ်ဆိုတာ ဖမ်းယူသွားတယ်။ ဖမ်းယူသွားတယ်ဆိုရင် ကိုယ့်မှာလည်း သမီးတစ်ယောက် ရှိတယ်ဆိုတော့ စိုးရိမ်စိတ်နဲ့ မရမက ဘုတ်တစ်စင်း၊ ဘယ်လိုရမလဲဆိုပြီး ကမ်းစပ်က လိုက်ရှာပြီးတော့ အမေအိုလည်း တစ်ယောက်ရှိတယ်ဆိုပြီး ဘူးသီးတောင်က မရမက ထွက်လာတယ်”
ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ဧပြီက စစ်ရေးပဋိပက္ခတွေ ပြင်းထန်ချိန် နေအိမ် ထောင်နဲ့ချီ မီးရှို့ခံခဲ့ရပြီး အဲဒီအထဲ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်လည်း ပါသွားတယ်လို့ ဆိုပါတယ်။
အိုးမဲ့အိမ်မဲ့ စစ်ဘေးဒုက္ခသည်ဘဝ ရောက်ခဲ့ရတာကြောင့် သမီးဖြစ်သူလည်း ဆယ်တန်းကနေ ကျောင်း ထွက်ထားရပါတယ်။ စစ်မဖြစ်ခင်အချိန်က ကျောင်းသူဘဝကို ပြန်လွမ်းမိတယ်လို့ သမီးဖြစ်သူ မအေးမိုးစံက ပြောပါတယ်။
“အရင်တုန်းက ကိုယ့် ဘူးသီးတောင်မှာဆိုရင် လွတ်လွတ်လပ်လပ် ကျောင်းသားဘဝဆိုတာ ပျော်ဖို့ကောင်းတယ် မဟုတ်လား။ အခုကျတော့ ဆိုင် ရောင်းနေရတယ်။ သူများတွေ ကျောင်းတက်နေကြတာတောင် ကျောင်းမတက်ရဘူး။ ကိုယ့်ခံစားချက်နဲ့ ပြောရမယ်ဆိုရင် ဝမ်းနည်းတာပေါ့။ ကိုယ့်အိမ်တွေ၊ ယာတွေလည်း အားလုံးပျက်စီးသွားပြီ။ အရင်တုန်းကဆိုရင် ဘယ်လောက်ပဲဆင်းရဲဆင်းရဲ၊ အိမ်လေးတစ်ဆောင်တော့ အကောင်းရှိပါတယ်။ ပျဥ်စီလို့ သွပ်မိုးလို့။ အခုကျတော့ ဒီလိုတဲလေးထဲမှာ နေရတယ်ဆိုတော့ သိပ်မွန်းကျပ်ပါတယ်”
ဆက်နွှယ်သောသတင်းများ
ဘူးသီးတောင်မြို့ကို သိမ်းလိုက်ကြောင်း AA ကြေညာ
ဘူးသီးတောင်မှာ အရပ်သားနှစ်ဦးကို ARSA က သတ်ဖြတ်ခဲ့ကြောင်း AA ထုတ်ပြန်
ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး
ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို အပြီးသိမ်းပိုက်ကြောင်း အာရက္ခတပ်တော် (AA) ပြီးခဲ့တဲ့မေ ၁၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီနောက် ဒေသခံတွေက မြို့ကို ပြန်လာကြပေမဲ့ အိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ပပဝင်း အပါအဝင် ဒေသခံတချို့ကတော့ ဒီနေ့အထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။
“ကိုယ့်နေရာကို အခုတော့ ပြန်လို့မရသေးဘူး။ လူတွေ အဆင်ပြေမှ၊ အလုပ်လည်းရှိမှ အဆင်ပြေမှာ။ အလုပ်မရှိရင် မသွားဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိုပြန်သွားရင် ထိုင်စားနေလို့ ရတာမှ မဟုတ်တာ။ ရှေ့ဆက်ဖို့ အဲဒီလို သမီးလေး ပညာရေးအတွက်လည်း ဒီနှစ်တစ်နှစ်တော့ ရပ်ဆိုင်းထားတယ်။ စာဆက်မသင်နိုင်၊ စားဝတ်နေရေးကလည်း အဆင်မပြေပါဘူး”
ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) ရဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဒေသခံတွေကို သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည် နေထိုင်ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ စစ်ဒဏ်သင့်ဒေသခံတွေကတော့ ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ မူလအခြေအနေကို ပြန်လည်တည်ဆောက်နိုင်ဖို့ အခက်ကြုံနေကြရဆဲပဲလို့ ပြောကြပါတယ်။