အသံဟန်မာန်အပြည့် အာဝဇ္ဇာန်းရွှင်ရွှင်နဲ့ ပြောနေတဲ့သူကတော့ အသက် ၅၈ နှစ်အရွယ် အငှားယာဉ်မောင်း ဦးဘုန်း ဖြစ်ပါတယ်။ သူ့ကားကိုငှားစီးတဲ့သူတွေအတွက် လူ့အသုံးအဆောင် ပစ္စည်းမျိုးစုံ၊ ဆေးဝါး၊ ပဲကြီးလှော်ကအစ အအေးမျိုးစုံထိ အခမဲ့ပေးထားတာပါ။
"ပြောမယ်ဆိုရင်တော့ ခုနစ်ရက် သားသမီးတွေ ပျော်ရွှင်နေရင် ကျေနပ်ပါတယ်"
စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ စိတ်သောကရောက်နေကြတဲ့ကာလမှာ သူ့ကားကိုငှားစီးတဲ့ ခရီးသည်တွေ ခဏဖြစ်ဖြစ် စိတ်ကျေနပ်သွားအောင် လုပ်ပေးထားတာလို့ ပြောပါတယ်။
“ကဗျာဆန်ဆန်ပြောရရင် ကိုယ့်ဘဝအတွက်ရော၊ လောကအတွက်ပါ အမုန်းစကားတွေမဆို နှလုံးသားနဲ့ လောကကိုအလှဆင်ဖို့အတွက်ပါ။ ဒီလို ကားပေါ်ရောက်ရင်လည်း စားသောက်တာ မြင်တော့လည်း ဝမ်းသာရတာပေါ့။ စကားပြောရင်းနဲ့ ပျော်သွားကြတယ်။ ရယ်သွားကြတယ်။ ပြောမယ်ဆိုရင်တော့ ခုနစ်ရက် သားသမီးတွေ ပျော်ရွှင်နေရင် ကျေနပ်ပါတယ်”
သူက အုံနာကြေးတစ်ရက် (ကျပ်) တစ်သောင်းခွဲပေးပြီး ကားမောင်းနေတာပါ။ မောင်းလို့ရတဲ့ ငွေထဲက တစ်ရက်ကို (ကျပ်) လေးထောင်ဖိုးလောက် ပြန်ဖြည့်ပေးတယ်လို့ ပြောပါတယ်။
ကားထဲမှာ တွယ်ချိတ်၊ ခေါင်းစည်းကြိုး၊ ရှူဆေး၊ ဆေးဝါးအစုံနဲ့ မုန့်ပဲသရေစာတွေ ရှိနေပါတယ်။ သူ ဒီလို လုပ်လာခဲ့တာ ၆ နှစ်ရှိနေပါပြီ။
ပစ္စည်းတွေအတွက် အရင်က သူ့ဝင်ငွေတစ်ခုတည်းနဲ့ လုပ်ခဲ့ပေမယ့် အခုတော့ ငှားစီးတဲ့သူတချို့က တတ်နိုင်သလောက် ထည့်ဝင်သွားကြတဲ့ အလှူတွေလည်းပါနေပြီလို့ ဆိုပါတယ်။
ဦးဘုန်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ၂ လမ်းမှာ မိသားစုနဲ့အတူ နေပါတယ်။ သမီးနှစ်ယောက်ရှိပြီး သမီးကြီးက အိမ်ထောင်ကျလို့ ခွဲထွက်သွားပြီ ဖြစ်တဲ့အတွက် အိမ်မှာ သမီးငယ်နဲ့အတူ မိသားစုသုံးယောက် နေကြပါတယ်။
သူ့ဇနီးသည်က အသက် ၅၁ နှစ်အရွယ် ဒေါ်အေးအေးခိုင်ပါ။ သူ့ခင်ပွန်းက အခုလို လူတွေပျော်အောင် တစ်ဖက်တစ်လမ်းကလုပ်နေတာမြင်တော့ သူလည်းကျေနပ်တဲ့အပြင်၊ တခြား ဆင်းရဲနွမ်းပါးတဲ့ နေရာတွေမှာလည်း အဆင်ပြေရင်ပြေသလို သွားလှူတယ်လို့ ပြောပါတယ်။
“ပျော်တာပေါ့ အဲလိုမျိုးကလေးတွေ သမီးအရွယ်လေးတွေ ယူကြတော့ ပျော်တာပေါ့နော် အဲလိုမျိုး။ ဒဂုံဆိပ်ကမ်းမှာ သွားလှူတော့လည်း အဲဒါက တော်တော်ကြီးကို အားရပါးရ တကယ့်ကို ကားမှာ ဘာမှပြန်မပါဘူး။ တွယ်ချိတ်တွေလောက်ပဲ ပြန်ပါတာ။ ကျန်တဲ့ မုန့်ပဲသရေစာတွေ သိပ်မပါလာတော့ဘူး။ အဲလိုမျိုးဆိုတော့ ထူးမြတ်တယ်ပေါ့နော်။ ဝမ်းသာပီတိပေါ့လေ။ သူ့ကိုအဲလိုမျိုး လှူတာ ဪ သူ အဲဒီလိုမျိုး လုပ်နိုင်တယ်ပေါ့နော် အဲလိုမျိုး။ ဪ သူက ကုသိုလ်ယူတာ ကိုယ်လည်း ကုသိုလ်ရအောင်ပေါ့နော် ပီတိဖြစ်ပေးရမယ်။ ဖြည့်ဆည်းပေးရမယ်”
ဦးဘုန်း လိုအပ်တဲ့ပစ္စည်းတွေ စျေးချိုချိုနဲ့ရဖို့ သူပဲဝယ်ပေးရသလို ဒီပစ္စည်းတွေကို ကားထဲမှာ ဆင်နိုင်ဖို့လည်း မနက်တိုင်း သူ ကူညီတယ်လို့ ဆိုပါတယ်။
ဦးဘုန်းရဲ့ သမီး အသက် ၂၅ နှစ်အရွယ် မလင်းလဲ့စန္ဒာထွန်းကလည်း လက်ရှိမှာ ဂျပန်ဘာသာစကားသင်တဲ့ ဆရာမလုပ်နေပြီဖြစ်လို့ ဝင်ငွေရှိတဲ့အတွက် ဦးဘုန်း တစ်ယောက် သူလုပ်ချင်တဲ့အလှူကို တစိုက်မတ်မတ်လုပ်နိုင်နေတာဖြစ်ပါတယ်။
သူ့အဖေရဲ့လုပ်ရပ်ကြောင့် သူငယ်ချင်းတွေကြားမှာ မျက်နှာပွင့်ရသလို သူ့အဖေရဲ့ ကားပေါ်ရောက် သွားတဲ့အချိန်တိုင်း ပြီးပြည့်စုံသလိုခံစားရတယ်လို့ မလင်းလဲ့စန္ဒာထွန်းက ပြောပါတယ်။
“သူငယ်ချင်းတွေဆိုရင်လည်း အဖေ့ကားနဲ့သွားရင် ဟဲ့နင်အဖေကားက မိုက်တယ်နော် ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ အေးဟုတ်တယ် နင်တို့ ကြိုက်တာယူပေါ့နော်။ ဒါအခမဲ့ပေးတာ ဝန်ဆောင်မှု ပေးတာလို့ ပြောထားတယ်ရှင့်။ ကျွန်မတို့ ကိုယ်တိုင် ကလည်း အပြင်သွားရင် ယောက်ယက်ခတ်နေတာပေါ့နော်။ ခေါင်းစည်းကြိုးက ဘယ်မှာလဲ။ ကလစ်ကဘယ်မှာ စသဖြင့် အဲလိုမျိုးဆိုတော့ အဖေ့ ကားပေါ်ရောက်ရင် လုံးဝ ပြီးပြည့်စုံတဲ့ ကားပေါ်ရောက်သွားသလိုမျိုးပေါ့နော်။ အဖေ့ကားစီးရင် တခြားကားလည်း မစီးနိုင်တော့ဘူး”
ဦးဘုန်းရဲ့ စေတနာနဲ့ ဝန်ဆောင်မှုကြောင့် ရပ်ကွက်ထဲမှာ သူ့ကားကို တကူးတက ငှားစီးတဲ့သူတွေ လည်း ရှိနေပါတယ်။
ဦးဘုန်းက လူတိုင်းမလုပ်နိုင်တဲ့ အလုပ်ကို လုပ်တဲ့သူဖြစ်တဲ့အတွက် လေးစားမိလို့ သွားစရာရှိတိုင်း ဒီကားကို ရွေးစီးဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်စန္ဒာက ပြောပါတယ်။
“ဒီလိုလူမျိုးက ဒီခေတ်ကြီးမှာတော့ ရှားသွားပြီ။ ကျွန်မက သူ့ရဲ့စေတနာကိုတော့ တော်တော်လေးစားတာပေါ့။ ဘာလို့လဲဆိုတော့ လူတိုင်းက ဒီအတိုင်း ဒီလို မလုပ်နိုင်ကြဘူး။ ဒီမှာ ကျွန်မသိသလောက်တော့ ဒီတစ်စီးပဲ ရှိတယ်။ ကျွန်မ တွေ့သလောက်ပေါ့နော် အဲဒါကိုပြောချင်တယ်ပေါ့။ သူ့ရဲ့ မေတ္တာ၊ စေတနာ ခရီးသည်တွေ အပေါ်ထားတဲ့ မေတ္တာ၊ စေတနာဟာ အလွန်လေးစားစရာကောင်းပါတယ်”
ဦးဘုန်းဟာ သူ့ရဲ့ကားကိုငှားစီးတဲ့ ခရီးသည်တွေကို ကျေနပ်အောင် လုပ်ပေးယုံတင် မကဘဲ သွေးလှူတာ၊ မျက်ကြည်လွှာလှူဖို့ စားရင်းပေးထားတာလည်းရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခြေတု၊ လက်တုလုပ်နိုင်တဲ့ ဘီယာဘူးခွံ၊ အချိုရည်ဘူးခွံတွေပေါ်က သတ္တုကွင်းတွေကိုလည်း ရှာဖွေစုဆောင်းပြီး ပြန်လှူနေတာ နှစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
“အခုကတော့ သွေးတွေလည်း လှူတယ်။ သွေးကလည်း ၅၃ ကြိမ်။ မျက်ကြည်လွှာ လှူထားလိုက်တာ နှစ်လေး ဆယ်ပြည့်တော့မယ်။ ခန္ဓာကိုယ်လည်း လှူတယ်။ ကျောက်ကပ်တွေလည်းလှူတဲ့အပြင်ကို ဒါလေးတွေလည်း လှူပါတယ်ဗျာ။ ဒါက ဘာလုပ်လဲဆိုတော့ ခြေတု၊ လက်တု။ ဆေးရုံမှာသွားလှူတယ်။ သမိုင်းလေ၊ ကျိုက်ဝိုင်း ဘုရားနားက လမ်းက”
ဦးဘုန်းရဲ့ လုပ်ရပ်ဟာ လူတစ်ရာမှာ တစ်ယောက်တွေ့ရခဲတယ်လို့ တစ်ရပ်ကွက် သားချင်းဖြစ်တဲ့ အသက် ၆၀ အရွယ် ဦးကိုဝင်းက ပြောပါတယ်။
“တကယ်ပါ ရှားပါတယ်။ ဒီလိုလူမျိုးက တစ်ရာမှာ တစ်ယောက်ဆိုတာကတော့ ကျွန်တော့် သက်တမ်းလေးမှာတော့ မတွေ့သေးဘူးပေါ့ဗျာ။ ဒီလိုပြောရမှာပေါ့ ဟုတ်တယ်မလား။ သူ့ကားပေါ်မှာက အစုံပဲ။ လမ်းတွေ့လည်း အဲဒါ မီးပွိုင့်ရပ်တာ တောင်မှ ကလေးတွေတွေ့ရင် မုန့်လေးတွေပေးတယ်။ သူက အဲဒါမျိုးပေါ့နော်။ နောက် ကားသမားအချင်းချင်း တွေ့တာတောင်မှ သူက ပြောမယ်ဆိုရင် နားဖာကလော်တွေ သူ ပေးတယ်။ သူ လှူနိုင်တာလေးတွေပေါ့ဗျာ”
ဦးဘုန်းကတော့ သူ့အနေနဲ့ လုပ်နိုင်သလောက်လုပ်ရင်း ဘဝကိုဖြတ်သန်းနေသလို၊ ဒီထက်ပိုပြီး သူ့မှာဖြစ်ချင်တဲ့ ရည်မှန်းချက် အိပ်မက်ရှိနေတဲ့အကြောင်း ပြောပါတယ်။
“ဘဝနဲ့ဆန္ဒနဲ့တော့ တစ်ထပ်တည်းတော့ မကျဘူးပေါ့။ ဖြစ်ချင်တာကတော့လည်း တရားဟော ဓမ္မကထိက၊ လက်တွေ့ဖြစ်နေတာ ကားဆရာဟေ့။ ဪ ဘာပဲဖြစ်ဖြစ်လေ။ ကိုယ့်ဘဝကိုတော့ ဘာပဲပြောပြော ဘဝမှာကတော့ နေတတ်ရင်တော့လည်း ကျေနပ်စရာချည်းပါပဲ။ ကျေနပ်ပါတယ်”