ကပ်ဘေးကာလ အမေ့ခံ မျက်မမြင်များ

ဇာဏီထွဏ်း
2020-09-25
Share

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နေတဲ့ကာလမှာ အကြောပြင် အနှိပ်ခန်းတွေ ပိတ်ထားရတာကြောင့် အနှိပ်ကျွမ်းကျင်တဲ့ မျက်မမြင်လုပ်သားတွေ ဝင်ငွေကင်းမဲ့ပြီး အခက်တွေ့နေရပါတယ်။

အကြောပြင် အနှိပ်လုပ်သားအဖြစ် ငါးနှစ်ကျော်လုပ်ကိုင်ခဲ့တဲ့ ကိုသက်နိုင်ဦးဟာ ရန်ကုန်၊ လှိုင်မြို့နယ်က တိုက်ခန်းလေးထဲမှာ လက်ကိုင်ဖုန်းထဲကနေ သီချင်းတွေ၊ သတင်းတွေ နားထောင်နေပါတယ်။ စက်တင်ဘာ လဆန်းပိုင်းမှာ ကူးစက်မှု ပြန်မြင့်လာတော့ သူတို့ရဲ့ အနှိပ်ခန်း ပြန်ပိတ်လိုက်ရပြီးနောက်ပိုင်းမှာ မျက်စိမမြင်တဲ့ သူ့မှာ တခြားလုပ်စရာ မယ်မယ်ရရလည်း မရှိလေတော့ ဒီလိုနဲ့ပဲ တစ်ရက် တစ်ရက် ကုန်ဆုံးနေရတာပါ။

၃၇ နှစ်အရွယ် ကိုသက်နိုင်ဦးက မွေးရာပါ မျက်မမြင်ဖြစ်ပြီး ၃၂ နှစ်အရွယ် ဇနီးသည် မဇင်မာလွင်က ၁၁ နှစ်အရွယ်မှာ အဖျားကြီးပြီး မျက်စိကွယ်ခဲ့တယ်လို့ သိရပါတယ်။

အမြင်အာရုံမသန်စွမ်းတဲ့ အနှိပ်လုပ်သား ဇနီးမောင်နှံရဲ့ ကလေးတွေက ပြေးလွှားဆော့ကစားတတ်တဲ့ အသက် ၇ နှစ်နဲ့ ၂ နှစ်အရွယ် ဖြစ်တာကြောင့် ဧရာဝတီတိုင်း မအူပင်မြို့နယ်က ယောက္ခမအိမ်ကို ပို့ထားပါတယ်။ အရင်က သူတို့နှစ်ယောက်ဝင်ငွေ တစ်လ ငါးသိန်းဝန်းကျင်ရတာကြောင့် ကလေးတွေကို ထောက်ပံ့နိုင်ခဲ့ပါတယ်။

အခုချိန်မှာတော့ ကလေးတွေအတွက် မုန့်ဖိုးလိုတယ်လို့ ဖုန်းဆက်ပြောလာခဲ့ရင် ရှိသမျှလေးထဲကနေ တတ်နိုင်သလောက် ပို့ပေးရပါတယ်။

"ကလေးက မုန့်ဖိုးမရှိတော့ဘူးပေါ့။ စားတာနဲ့မုန့်ဖိုးက ကျနော်ပို့လိုက်တဲ့ဟာနဲ့ သုံးတာဆိုတော့လေ။ အဲဒါမျိုး ကျတော့ ကျနော်က လက်ထဲမှာ ရှိသလောက်ဆိုတာထက် ကိုယ့်ဆီမှာလည်း နည်းနည်း ချန်ရတာပေါ့နော်။ ကိုယ့်ဆီမှာအပြည့်ကြီး မပေးနိုင်ရင်တောင်မှ တစ်ဝက်လောက် ဒါမှမဟုတ် သုံးပုံတစ်ပုံလောက် သူတို့ လတ်တလော ဖြေရှင်းလို့ရအောင် လုပ်ပေးပါတယ်။"

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနည်းပါးတဲ့ဒေသရောက် ကလေးတွေနဲ့ ပတ်သက်ပြီး ကူးစက်မှုအများဆုံးဒေသ ရန်ကုန်မှာနေထိုင်တဲ့ မိခင်ဖြစ်သူက စိုးရိမ်နေပါတယ်။

"အဓိကရင်ဆိုင်ရတာတော့ နှစ်ခုပေါ့။ တစ်ခုက ကိုယ်တွေဆီ ရောဂါကူးမှာလည်းစိုးတယ်။ ပြီးတော့ နယ်မှာ ထားတဲ့ ကလေး နှစ်ယောက်နဲ့ မိဘကိုကူးမှာ စိုးတာပေါ့။ ပြီးတော့ ဒီအလုပ်က ကြာကြာဖွင့်မရရင် သူတို့ကို မထောက်ပံ့နိုင်မှာစိုးတယ်။"

ကပ်ရောဂါဟာ တချိန်တည်းမှာ အလွှာအသီးသီးက လူတွေကို အခက်တွေ့စေခဲ့ပါတယ်။

မျက်စိမြင်သူတွေက အချိန်ပိုင်း သို့မဟုတ် အချိန်ပြည့်အလုပ်တခုကို ရှာဖွေလုပ်ကိုင်ဖို့ အခွင့်အရေး ရှိနိုင်ပေမယ့် အမြင်အာရုံ ချို့တဲ့သူတွေကတော့ အလုပ်အကိုင်ပြောင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ မျက်မမြင်တွေဟာ သွားနေကျနေရာကိုသာ အကူညီမလိုဘဲ သွားနိုင်ကြပေမဲ့ တခြားနေရာကို သွားမယ်ဆိုရင်တော့ အကူအညီ လိုအပ်လာပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က အနှိပ်ကျွမ်းကျင်သူ ကိုလှမျိုးကြွယ်က ရန်ကုန်မှာ လာပြီး အနှိပ်ပညာနဲ့ အသက်မွေးနေသူပါ။ ဆိုင်ပိတ်ခါစ ခရီးသွားလာမှု လွယ်ကူချိန်တုန်းက မိသားစုဆီသွားဖို့ လမ်းခရီးမှာ လိုက်ပါကူညီမယ့်သူ မရှိတာကြောင့် အိမ်ပြန်ဖို့ လက်လျှော့ထားရတယ်လို့ ပြောပါတယ်။

"နယ်ပြန်ဖို့က စောစောကတော့ အစီစဉ်ရှိတယ်။ နောက်တော့ သွားရလာတာ အခက်ခဲရှိတဲ့အတွက် မပြန်ဖြစ်တာ။ ရွာပြန်ရင်လည်း စောင့်ကြည့်ခံရမယ်။ လမ်းမှာလည်း ကူးစက်နိုင်တယ်ဆိုတော့ မပြန်ဖြစ်တော့တာ။ ဒီဆိုင်နဲ့ ကျနော်တို့နေတဲ့နေရာက သိပ်မဝေးတော့ အကူမလိုဘူး။ သွားလာမရှိဘူးတဲ့ နေရာ၊ နေရာအသစ်ဆိုရင်တော့ အကူလိုလာပြီ။"

မျက်မမြင်တွေဟာ နဂိုကတည်းက အသွားအလာ ကန့်သတ်ထားတာဖြစ်တဲ့အတွက် ကပ်ဘေးကာလ အသွားအလာ ကန့်သတ်မှုတွေဟာ သူတို့အတွက် အပြောင်းအလဲမရှိဘူးလို့ ယူဆစရာ ဖြစ်နေပါတယ်။ အနှိပ်ခံမယ့်ဧည့်သည်တွေ လာရောက်မှု ရပ်ဆိုင်းသွားပြီး ဝင်ငွေလည်း ရပ်ဆိုင်းသွားပါတယ်။

ကပ်ဘေးမတိုင်ခင်ကလည်း မျက်မမြင်လုပ်သားတွေဟာ အနှိပ်ကျွမ်းကျင်သူတွေဆိုပေမယ့် ဝင်ငွေ မကောင်းကြပါဘူး။ အနှိပ်ခန်းမှာ လခစားမဟုတ်ဘဲ ကော်မရှင်စားနဲ့ လုပ်ကိုင်နေကြတာပါ။

အခုလို လုပ်ငန်းတွေပိတ်ထားရချိန်မှာ သူတို့ကို နေစရာအဆောင်၊ ထောက်ပံ့ကြေး ငါးသောင်းစီ ပေးထားတယ်လို့ မြန်မာနိုင်ငံ မျက်မမြင်များအသင်းက ဖွင့်ထားတဲ့ YUME EYE မျက်မမြင်အနှိပ်ခန်းတာဝန်ခံ မမိုးယုနိုင်က ပြောပါတယ်။

"အခုလောလောဆယ် ကိုဗစ်ကာလဖြစ်တဲ့အတွက် အသင်းကနေ အနှိပ်လုပ်သား သုံးယောက်ကို ငါးသောင်းစီ၊ လောလောဆယ် ကူညီပံ့ပိုးငွေ ထုတ်ပေးထားတယ်ပေါ့။ ဒါပေမဲ့ အသင်းက ဖွင့်ထားတဲ့အတွက်ကြောင့် ရေရှည်အတွက် ဘယ်လိုဖြစ်လာမယ်ဆိုတာမသိဘူး။ ခက်ခဲလာမယ်၊ ကြန့်ကြာလာမယ်ဆိုရင်တော့ ရုံးချုပ်က သူတို့တောင်းဆိုတဲ့အပေါ်မှာမူတည်ပြီး လုပ်ပေးသွားမယ်ထင်တယ်။"

မျက်မမြင်အနှိပ်ခန်းတွေကို ရန်ကုန်က မြို့နယ်တိုင်းလိုလိုမှာ တွေ့ရမှာပါ။ ကပ်ဘေးကာလ ကဏ္ဍအသီးသီးမှာ ဝန်ထမ်းအင်အား လျှော့ချမှု ရှိသလို နှိပ်နယ်ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာလည်း အနှိပ်သည်တချို့ အလုပ်ကနေ အနားပေးခံရပါတယ်။

အစိုးရက ကပ်ဘေးကာလမှာ မသန်စွမ်းဦးရေ နှစ်သိန်းကို တစ်ယောက် ကျပ် သုံးသောင်းနှုန်း ထောက်ပံ့ ပေးနေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပုဂ္ဂလိကကျောင်း ၁၃ ကျောင်းက အမြင်အာရုံမသန်စွမ်းသူ ၆၅၀ ကျော်ကိုလည်း ထောက်ပံ့ပေးခဲ့တယ်၊ စာရင်းကောက်ယူထားတဲ့ မသန်စွမ်းတွေတစ်ယောက်ချင်းကို သေချာ ပေးအပ်နိုင်ဖို့ ဆွေးနွေးဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။ အကူအညီတောင်းလာတာတွေ ရှိတာကြောင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းလည်း မိသားစု ၁၀၀ လောက်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ရန်ပုံငွေကလည်း အသင်းကနေဖွင့်ထားတဲ့ အနှိပ်၊ အကြောပြင်ခန်းတွေ၊ အလှူရှင်တွေကနေ လာပါတယ်။

"အသင်းမှာတော့ ရန်ပုံငွေ အပိုအလျှံ ပဒေသာပင်ကြီးရယ်လို့ မစုဆောင်းနိုင်သေးပါဘူး။ အလှူခံကြည့်တယ်။ အလှူရတဲ့အပေါ်မူတည်ပြီး ပြန်သုံးတယ်ပေါ့နော်။ ဥပမာ အလှူရှင်တွေဆီ ချည်းကပ်တယ်။ စိတ်ဝင်စားနိုင်တဲ့ ပံ့ပိုးပေးနိုင်ခြေရှိတဲ့ အလှူရှင်တွေကို အကျိုးကြောင်းရှင်းပြတယ်။ အလှူခံတယ်။ အသိမှတ်ပြုပြီး ပံ့ပိုးမှုတွေလုပ်ရတာပေါ့နော်။"

အလုပ်အကိုင်မရှိလို့ ဝင်ငွေမရှိတာကြောင့် စိတ်ပူပန်ရတာတွေ၊ ကိုယ်နဲ့ ကိုယ့်မိသားစုကို ပိုးမကူးစေဖို့ သတိထားရတာတွေ ဖြစ်ပေါ်စေတဲ့ ဒီကပ်ဘေးကြီး အမြန်ပြီးဆုံးပြီး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ ကိုသက်နိုင်ဦး တို့လို မျက်မမြင်အနှိပ်လုပ်သားတွေ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့