မြန်မာ့အရေးကိစ္စအပေါ် စိုးရိမ်မကင်းဖြစ်ရဆဲဟု QUAD နိုင်ငံများ ပြောကြား

အာဆီယံကြိုးပမ်းမှုကို ထောက်ခံပြီး ဘုံသဘောတူညီချက်ပါတောင်းဆိုချက်တွေကို ဖြည့်ဆည်းလိုက်နာဖို့ ထပ်မံတောင်းဆို။

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခနဲ့ ဒေသတွင်း အကျိုးသက်ရောက်မှုတွေအပေါ် စိုးရိမ်မကင်းဖြစ်ရဆဲလို့ QUAD အဖွဲ့က မေလ ၂၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။ QUAD အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မေလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

QUAD နိုင်ငံများအနေဖြင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံများအဖွဲ့က ကြိုးပမ်းနေတဲ့ ဘုံသဘောတူ ညီချက် ငါးရပ်ကို ထပ်မံ ထောက်ခံအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်နေတာတွေ အမြန်ရပ်ဆိုင်းဖို့၊ မတရားသဖြင့် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ လွတ်လွတ်လပ်လပ်ပေးလို့ရမယ့် အခြေအနေတစ်ရပ် ဖန်တီးပေးဖို့နဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးပါနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာစေဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေး ထိပါးလာမှုနဲ့ နယ်စပ်ဖြတ်ကျော် မူခင်းတွေ ပြန့်နှံ့ရောက်ရှိလာတာမှုတွေကိုလည်း မိမိတို့ စိုးရိမ်ပူပန်မိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

QUAD အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးကို အိန္ဒိယ-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် မြန်မာအရေးကို အရေးပေါ်ကိစ္စအဖြစ် ကိုင်တွယ်ဖို့ People Movement Platform Myanmar နဲ့ India for Myanmar ဦးဆောင်ပြီး အရပ်ဖက်အဖွဲ့အစည်း၊ လူသားချင်းစာနာမှုကွန်ရက်နဲ့ တိုင်းရင်းသားအဖွဲ့ ၆၆ ဖွဲ့က မေလ ၂၃ ရက်နေ့မှာ QUAD အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနတွေဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

အဲဒီ ပေးစာထဲမှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ နယ်စပ်မတည်ငြိမ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ မူးယစ်ဆေးဝါးကွန်ရက်နဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပိုမိုကြီးထွားလာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်ခန့် အစိုးရကို အတုအယောင်ရွေးကောက်ပွဲတွေက တစ်ဆင့် နိုင်ငံရေးတရားဝင်မှု မပေးဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးဖို့နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ QUAD နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။