တောင်ငူမြို့မှာနေထိုင်တဲ့ ကိုပေါက်ဟာ သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်လာတိုင်း ကူညီ ဖို့ အမြဲအသင့်ရှိနေသူတစ်ယောက်ပါ။
သူဟာ အသက် ၁၈ နှစ်အရွယ်ကစလို့ အစိုးရသစ်ထုတ်လုပ်ငန်း၊ ကုမ္ပဏီသစ်ထုတ် လုပ်ငန်း၊ လိုင်စင်ရသစ်စက် လုပ်ငန်းတွေမှာ နှစ်ပေါင်း ၂၀ ခန့်ကြာအောင် လုပ်ကိုင်ခဲ့ပြီး နောက် ၂၀၁၆ ခုနှစ်လောက်ကစလို့ မြို့ပေါ် ပရဟိတ သစ်ခုတ်သမားအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
မြို့ပေါ်မှာ သဘာဝဘေးကြောင့် လမ်းတွေနဲ့ အိမ်တွေပေါ် သစ်ပင်ပြိုလဲတာတွေ၊ လမ်း ဧရိယာချဲ့ဖို့နဲ့ အဆောက်အအုံနဲ့ မလွတ်ကင်းတဲ့ သစ်ပင်တွေကို ခုတ်လှဲတာတွေဟာ သူ အဓိက ကူညီပေးနေတဲ့အလုပ်တွေပါ။
"သူတို့လုပ်တဲ့ လုပ်ငန်းတွေကိုမြင်ပြီး အန္တရာယ်များတော့ ကိုယ်လည်း ကိုယ်တတ်တဲ့ပညာနဲ့ ဝင်ကူညီချင်တယ်ဆိုတဲ့စိတ်နဲ့ ကျနော် ကမ်းလှမ်းခဲ့တယ်"
တောင်ငူမြို့မှာ သဘာဝဘေးကြောင့် သစ်ပင်တစ်ပင် အိမ်ပေါ်ကို ပြိုလဲရာကနေ အစပြုပြီး ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လာတာလို့ ကိုပေါက်က ပြောပါတယ်။
“အရင်တုန်းက သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ပေါ့။ ကျနော်က သစ်ခုတ် လုပ်ငန်း လုပ်တဲ့အတွက် သူတို့လုပ်တဲ့ လုပ်ငန်းတွေကိုမြင်ပြီး အန္တရာယ်များတော့ ကိုယ် လည်း ကိုယ်တတ်တဲ့ပညာနဲ့ ဝင်ကူညီချင်တယ်ဆိုတဲ့ စိတ်နဲ့ ကျနော် ကမ်းလှမ်းခဲ့တယ်။ သူတို့ကလည်း ပထမဆုံးလုပ်ငန်းစဉ်တစ်ခုမှာ ကူညီပေးဖို့ ကမ်းလှမ်းတဲ့အချိန်မှာ သွားကူညီတော့ အသင်းသားအဖြစ် တစ်ခါတည်းလက်ခံပြီးတော့ အမြဲတမ်း တောင်ငူ မြို့အတွက် ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်တာနဲ့ ကျနော်လည်း အသင်းဝင်တစ်ယောက် အဖြစ် အခုထိ ရှိနေတာပါ”
သူဟာ တောင်ငူမြို့ပေါ်က ဘယ်ပရဟိတအဖွဲ့နဲ့မဆို ပူးပေါင်းဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် သစ်ပင်ပြိုလဲတာနဲ့ အများပြည်သူအတွက် သစ်ပင်ခုတ်လှဲ တာတွေကို ပရဟိတအလုပ်အဖြစ် အခမဲ့ကူညီပေမယ့် အခြားသစ်ပင်ခုတ်လှဲတာတွေကို တော့ သူ့ရဲ့ မိသားစုဝမ်းရေးအတွက် အခကြေးငွေနဲ့ လုပ်ကိုင်ပေးလေ့ရှိတယ်လို့ ကိုပေါက် က ပြောပါတယ်။
သစ်ပင်တွေ ဆုံးရှုံးတာကို ပြန်ကုစားပေးတဲ့အနေနဲ့ သစ်ပင်တစ်ပင် ခုတ်လှဲပြီးတိုင်း အိမ်ရှင် ရဲ့ ခွင့်ပြုချက်ယူပြီး နောက်ထပ် သီးပင်စားပင် သုံးပင် ပြန်စိုက်ပေးတဲ့အလေ့အထကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက သူ အမြဲလုပ်ကိုင်လာတယ်လို့လည်း ပြောပါတယ်။
သူဟာ ခုတ်လှဲလိုက်တဲ့ သစ်တွေကို ထင်းအဖြစ် အသုံးပြုမှာကို မလိုလားတဲ့အတွက် တန်ဖိုးမြင့် ထုတ်ကုန် တွေဖြစ်တဲ့ ပရိဘောဂပစ္စည်းတွေနဲ့ ပန်းပုထုလုပ်နိုင်တဲ့ ကုန်ကြမ်း တွေ ဖြစ်လာဖို့ကိုလည်း ကြိုးစားနေသူပါ။
“၇ လပိုင်းလောက်က ၁၃ရပ်ကွက်နားက သစ်ပင်ကြီး လမ်းတွေပိတ်နေလို့ဆိုပြီး ဖြတ် တောက်ရှင်းလင်းပေး ရင်းနဲ့ ကျနော်ဖြတ်လိုက်တော့ ဒီလိုအကွက်အလှလေးတွေ တွေ့လို့ နောင်တစ်ချိန်ကျရင် Resin လောင်းဖို့ဆိုပြီး တော့ ကျနော် ရည်ရွယ်ပြီး ဖြတ်တောက်ပြီး သယ်လာတာပါ။ တခြား ချိန်းဇောသမားတွေနဲ့တွေ့ရင်တော့ အဲအချိန်ကတည်းက ထင်း ဖြစ်သွားတာတော့ သေချာပြီ။ ကျနော်ကတော့ ချိန်းဇောနဲ့ ဖြတ်လိုက်လို့ သစ်ကြော သစ်ကွက် အလှလေးတွေအပေါ်လာတာနဲ့ ဒါလေး ဘယ်လို လုပ်ရင် ဘယ်လို တန်ဖိုးမြင့် လာမလဲဆိုတဲ့ စိတ်ကလေးရှိနေလို့ အိမ်ကို ရအောင် သယ်လာတာ”

မြို့ပေါ်က သစ်ပင်တွေခုတ်လို့ အရင်က ဝေဖန်ခံခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ သဘာဝဘေးအန္တရာယ် ဖြစ်လာတဲ့အခါ အချိန်မရွေးသွားရောက်ကူညီတာကြောင့် မဝေဖန်ကြတော့ဘူးလို့ ကိုပေါက်က ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်တွေမှာ ပါဝင်ကူညီပေးနေတဲ့ ကိုသားငယ်ကတော့ ကိုပေါက်ဟာ တောင်ငူမြို့အတွက် မရှိမဖြစ် လူတစ်ယောက်လို့ ပြောပါတယ်။
“မြို့ပေါ်က သစ်ခုတ်သမားသာဖြစ်တယ်။ ဒါပေမဲ့ သူက တောင်ငူမြို့အတွက် မရှိမဖြစ် တဲ့ လူတစ်တစ်ယောက် ပေါ့။ သဘာဝဘေးအန္တရာယ်တွေ ဒီအပင်လဲတာတို့ ဘာတို့ပေါ့။ ကျနော်လည်း သူ့ဆီကနေ ပညာသင်နေရတာပေါ့။ ပညာသင်ပြီး သူနဲ့အတူ သဘာဝ ဘေးအန္တရာယ်မှာ လိုက်ပြီး ကူညီတယ်ပေါ့။ လူကောင်းတစ်ယောက်ပါပဲ။ တစ်ဖက် တစ်လမ်းကသာ ဝမ်းစာရှာဖွေနေတယ်ပေါ့ဗျာ။ ကူညီကယ်ဆယ်ရေးဆိုရင်လည်း သူ လက်မနှေးဘူးပေါ့။ သွားမယ်ဆိုတာနဲ့ သူက ရောက်နေပြီ”
ကိုပေါက်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကိုဝိုင်းဝိုင်းကလည်း သစ်ခုတ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာတာဟာ ဆယ်စုနှစ်တစ်စုကျော် ရှိနေပါပြီ။
သူဟာလည်း ဝမ်းရေးအရ သစ်ခုတ်တဲ့အလုပ်ကို လုပ်ကိုင်နေပေမယ့် သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်လာတဲ့ အကြောင်းအရာတွေကို ကိုပေါက်နဲ့အတူ ကူညီခွင့်ရတိုင်း ပီတီဖြစ်မိတယ်လို့ ကိုဝိုင်းဝိုင်းက ပြောပါတယ်။
“ဝမ်းရေးကတော့ ဝမ်းရေးသက်သက်ပေါ့။ ဒီပရဟိတကတော့ ပရဟိတသက်သက်ပေါ့။ ဝမ်းရေးကတော့ ဒီလိုပဲ သူ့အဖွဲ့ ကိုယ့်အဖွဲ့သွားပြီးတော့ လုပ်နေကြတာပဲ။ ဒီပရဟိတ ကတော့ ကျနော်တို့ ခေါ်တယ်လို့လည်း မဟုတ်ဘူး။ ကြုံလို့ရှိရင် လမ်းမှာတွေ့ရင် ဝင်ပြီး ကူညီပေးလိုက်တယ်။ ပြောမယ်ဆိုရင်တော့ သူများအဆောက်အအုံတွေ ပိနေတာတွေ၊ လမ်းပိတ်နေတာတွေ ဝင်ပြီး လုပ်ပေးကိုင်ပေးရတဲ့အချိန်ကျရင်တော့ ပီတိဖြစ်တယ်ပေါ့”
တချို့ သစ်ပင်အကြီးတွေကို ခုတ်လှဲတဲ့အခါမှာ သတိထားနေပေမယ့်လည်း အပင်ပေါ်က နေ ပြုတ်ကျလို့ အသက်အန္တရာယ်နဲ့ကြုံတွေ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့တယ်လို့ ကိုဝိုင်းဝိုင်းက ပြောပါတယ်။
မြို့ပေါ်မှာ သစ်ပင်ခုတ်လှဲတဲ့အခါ အချိန်ပိုကုန်သလို လျှပ်စစ်မီးကြိုးတွေ၊ ဆက်သွယ်ရေး ကေဘယ်လ် ကြိုးတွေ မထိခိုက်အောင်လည်း လုပ်ရတယ်လို့လည်း သူက ဆိုပါတယ်။
သစ်ပင်ခုတ်လှဲတဲ့အလုပ်ဟာ အသက်အန္တရာယ်များတာကြောင့် နောက်ပိုင်းမှာတော့ ဒီအလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုတာကို စွန့်လွှတ်သွားမယ်လို့ ကိုပေါက်က ပြောပါတယ်။
“ဒီလို သစ်ပင်ခုတ်လုပ်ငန်း လုပ်နေတဲ့အပေါ် နားလည်ပေးကြဖို့ပဲ ကျနော်ပြောချင်ပါ တယ်။ ဖြစ်နိုင်ရင်တော့ အသက်အန္တရာယ်များတဲ့အလုပ်ကို မလုပ်ချင်ဘူး။ တစ်ယောက် တည်း များတာမဟုတ်ဘူး။ တစ်ဖွဲ့လုံးများတာ ဖြစ်တဲ့အတွက် တစ်လုံးမှာ တစ်ယောက် မှားတာနဲ့ တစ်ဖွဲ့လုံး ဒုက္ခရောက်သွားနိုင်တယ်။ အသက်အန္တရာယ်လည်း တော်တော် များပါတယ်။ အဲဒါကြောင့် ကျနော်လည်း သစ်ခုတ်လုပ်ငန်းကို လုပ်မစားဖို့ ဆုံးဖြတ်ထား တယ်”
အခကြေးငွေနဲ့ သစ်ခုတ်တဲ့အလုပ်ကို စွန့်လွှတ်ပေမယ့် အများပြည်သူအတွက် ပြိုလဲတဲ့ သစ်ပင်တွေကို ကူညီရှင်းလင်းတဲ့ ပရဟိတအလုပ်ကိုတော့ ဆက်လုပ်သွားဦးမယ်လို့ ကိုပေါက်က ပြောပါတယ်။
