စစ်တပ်ခန့်အစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ပြောင်းလိုက်တယ်လို့ လူသိရှင်ကြားကြေညာတာဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် တရုတ်အစိုးရရဲ့သြဇာလွှမ်းမိုးနေတာကိုပြတဲ့ သရုပ်သကန်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့ပြည်သူတွေကြားမှာ ပြောဆိုကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးစဉ်အပြီး ၅ ရက်အကြာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိတဲ့ တရုတ်အစိုးရရဲ့သဘောထားကိုထုတ်ပြောတဲ့ ဧပြီလ ၃၀ ရက်နေ့မှာပဲ စစ်တပ်ခန့်အစိုးရကသတင်းထုတ်ပြန်တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တင်းမာတဲ့ သဘောထားရှိပေမဲ့ တရုတ်အစိုးရရဲ့စကားကိုနားထောင်လိမ့်မယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
“တရုတ်မှာ လုပ်နည်းလုပ်ဟန်တွေကဒီလိုရှိတယ်။ သူတို့မိတ်ဆွေဟောင်းတွေ သူတို့နိုင်ငံနဲ့ဆက်ဆံရေးတွေ တစ်စုံတစ်ရာအကျိုးပြုထားတဲ့ လူပုဂ္ဂိုလ်တွေဆိုရင် သူတို့တောက်လျှောက် ဒီလိုပဲပုံမှန်ကြည့်တတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်တက်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ တော်တော်အလေးပေးဆက်ဆံပါတယ် ဒီဘက် (တရုတ်နိုင်ငံ) မှာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုလည်း သူတို့ဂရုစိုက်နေပါတယ် ဒါမျိုးတွေသူတို့ပြောလာတော့ မင်းအောင်လှိုင်ဟာ သူတို့ကို ကယ်နိုင်တာတရုတ်ပဲရှိတားကိုး။ တရုတ်စကားတော့ တစ်စုံတစ်ရာနားထောင်ရဦးမှာပေါ့ဗျာ။ အဲဒါတွေ ပါပါလိမ့်မယ်”
တရုတ်အစိုးရက စစ်တပ်ခန့်အစိုးရကိုဖိအားပေးတာရှိနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကလည်း သုံးသပ်ပါတယ်။
“တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကိုလာတဲ့အချိန်မှာ အစိုးရသစ်နဲ့ သူတို့ ထောက်ခံမှု အသေအချာပြခဲ့တယ်ဆိုတဲ့သဘောပေါ့နော်။ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိစ္စနဲ့ပတ်သက်လို့သေချာတော့မသိရပေမဲ့ တိုက်တွန်းတာတို့ ဖိအားပေးတာတို့ တစ်စုံတစ်ရာရှိမယ်လို့ယူဆပါတယ်။ ဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်သဘောပေါ့နော် သက်သာစေဖို့လုပ်ပေးတဲ့ဟာတွေ ဖြစ်လာတယ်လို့ မြင်ပါတယ်”
အာဏာသိမ်းစစ်တပ်ကိုကျားကန်ပေးတဲ့လုပ်ရပ်မျိုးဟာ နှစ်နိုင်ငံအတွက်မကောင်းဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက RFA ကိုပြောပါတယ်။
“နိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စတွေမှာ ဒီလိုမျိုး တရုတ်ရဲ့ပါဝင်ပတ်သက်နေမှုတွေက ပါဝင်ပတ်သက်မှုလို့ ပြောရတာထက်ကို ပို့တဲ့အဆင့်လို့ ကျွန်မကမြင်ပါတယ်။ လွမ်းမိုးပြီးတော့ ချယ်လှယ်တဲ့အဆင့်ကိုတောင်ရောက်လာတယ်လို့ ယူဆပါတယ်ရှင့်။ လူထုကလက်မခံဘူးဆိုတဲ့စစ်အုပ်စုကို ကျားကန်ပေးတဲ့ပုံစံမျိုးနဲ့ဆက်ဆံတယ်။ ထောက်ခံပေးထားတယ်ဆိုလို့ရှိရင် ကြာရှည်မှာ အဲဒါက နှစ်နိုင်ငံလုံးအတွက်မကောင်းဘူးလို့ ထင်ပါတယ်”
တဖက်မှာလည်း စစ်ခေါင်းဆောင်ဟောင်းဟာ သူ့စိတ်ကြိုက်ဖွဲ့စည်းလိုက်တဲ့အစိုးရကို ဒေသတွင်းမှာ အသိအမှတ်ပြုလာအောင် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချတာလို့ ရှုမြင်တာတွေလည်းရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာကဆက်ပြီးဖိအားပေးနေဖို့လိုအပ်တယ်လို့ စမ်းချောင်းမြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကိုပြောပါတယ်။
“သတ်မှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်ဆိုပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းလဲသတ်မှတ်လိုက်တာက လှည့်စားမှုတစ်ရပ်ပဲဖြစ်ပါတယ်။ ရိုးသားတဲ့လုပ်ရပ်လို့ မြင်လို့မရပါဘူး။ နိုင်ငံတကာကို ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တာပေါ့နော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ဆိုတာကို တစ်စိုက်မတ်မတ်တောင်းဆိုပေးဖို့ လိုအပ်ပါလိမ့်မယ်”
ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ပြောင်းလိုက်တယ်ဆိုရင် တွေ့ခွင့်ပေးဖို့ သားဖြစ်တဲ့ ကင်မ်အဲရစ် ကလည်းထုတ်ဖော်ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းလိုက်တဲ့သတင်း ထွက်လာပြီးနောက်ပိုင်းမှာတော့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ အာဆီယံနဲ့ နိုင်ငံတကာကပါ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးနဲ့ ချွင်းချက်မရှိလွှတ်ပေးဖို့၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေရဖို့၊ မိသားစုနဲ့ တွေ့ခွင့်ရဖို့ စတဲ့ အချက်တွေကို ဆက်တိုက်ဆိုသလို တောင်းဆိုလာတာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေကို အစဉ်တစိုက်စောင့်ကြည့်နေပြီး ကာလရှည်ကြာ မိတ်ဆွေတစ်ဦး အဖြစ်ဖော်ပြပေးတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားအပေါ် ကျေးဇူးတင်အသိအမှတ်ပြုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီကလည်း မေလ ၃ ရက်နေ့ မှာထုတ်ပြန်ပါတယ်။
