မကွေးတိုင်း၊ ရေနံချောင်းနဲ့ ချောက် မြို့နယ်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသရဲ့ မိုးခေါင် ရေရှားပြီး ပူပြင်းခြောက်သွေ့ဆုံး ဒေသတွေ ဖြစ်ပါတယ်။
ဒီဒေသတွေကို ရာသီဥတု မှန်ကန်ပြီး စိမ်းလန်းစိုပြေဖို့ ကြိုးစားနေသူကတော့ ရေနံချောင်းမြို့နယ် ဂျုပ္ပင်ရွာသား ရေနံ့သာ ဒင်းဂါးပါ။
သူဟာ ၂၀၁၇ ခုနှစ်မှာ မကွေးမြို့ မင်္ဂလာရုပ်ရှင် ကုမ္ပဏီမှာ အလုပ်လုပ်ရင်း မိုင် ၃၀ ခန့်ဝေးတဲ့ သူ့ဇာတိ ရေနံချောင်းကို သုံးရက်တစ်ကြိမ် ဆိုင်ကယ်နဲ့ ပြန်လေ့ရှိပါတယ်။ အဲဒီအချိန် မကွေးကနေအပြန် ရေနံချောင်း မြို့ရှောင်လမ်းမှာ နွေရာသီဆို အပင်မရှိ နားခိုစရာနေရာမရှိလို့ ခရီးသွားတွေ ဒုက္ခရောက်ရတာကို တွေ့မြင်ခဲ့ပြီးနောက် သစ်ပင်တွေစိုက်၊ ရေချမ်းစင်တွေ ဆောက်ဖို့ စိတ်ကူးရလာလို့ ရေနံ့သာ ဒင်းဂါးက RFA ကို ပြောပါတယ်။
"ကားလမ်းဘေးဆိုလည်း အရိပ်မရှိတော့ကျ ဇရပ်က လိုတယ်။ ခရီးသွားတွေ နွေရာသီဆိုရင် ကျွန်တော်တို့က အပူပိုင်းဒေသဆိုတော့ ရေနံချောင်း၊ ချောက်က မြန်မာနိုင်ငံမှာ အပူဆုံးဒေသတွေဆိုတော့ ရေငတ်တယ်။ ကိုယ်တိုင်လည်းသွားနေတော့ တကယ်လိုမှန်းလည်း သိတယ်။ ရွာဘက်တွေဆိုလည်း ရောက်တယ်။ ရေကန်တွေ ကောနေမှန်းသိတော့ တကယ် အလိုအပ်ဆုံးအရာတွေမှန်း သိလာတာပေါ့။ အဲလိုကျ ဒါတွေကို ပိုပြီးတော့ လှူဖြစ်သွားတာပေါ့"
သစ်ပင်တွေစိုက်တာနဲ့ ရေချမ်းစင်တွေဆောက်တာကို သူ့ရဲ့ဝင်ငွေနဲ့ လုပ်ဆောင်တာလို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်ကနေ လက်ရှိအချိန်အထိ ရေနံချောင်း မြို့ရှောင်လမ်းက ရွှေပါရမီဥယျာဉ်နဲ့ ဗိုလ်တစ်ထောင် ဥယျာဉ်မှာ အပင်ပေါင်း ၂၅၀၀ ခန့်၊ နတ်ကန်ဦး ကန္တာရတောင်ကတုံးလမ်း မှာ အပင်ပေါင်း ၃၀၀ ကျော်နဲ့ အခြားဒေသတွေနဲ့ဆို အပင် ငါးထောင်ဝန်းကျင် စိုက်ပျိုးခဲ့ပြီးပြီလို့ ကိုဒင်းဂါးက ပြောပါတယ်။
စိုက်ပျိုးခဲ့တာတွေက ညောင်ခြေထောက်၊ ညောင်၊ သရက်၊ စိန်ပန်း၊ ဖျောက်ဆိပ်၊ မယ်ဇယ်၊ ခရေ နဲ့ ကုက္ကိုအပင်တွေ ဖြစ်ပြီး အဲဒီအပင်တွေကို သူ့ပျိုးဥယျဉ် ခြံဝင်းထဲမှာ ပျိုးထားပါတယ်။
သူဒီလုပ်ငန်း စလုပ်ခါစက လိုအပ်တဲ့ငွေကြေး စက်ပစ္စည်းကအစ မရှိလို့ ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ရတယ်လို့ ကိုဒင်းဂါးက ပြောပါတယ်။
"ဒီလုပ်ငန်းစပြီး လုပ်ခါစတုန်းက ကျွန်တော်တို့က သုံးဘီးယာဉ်တွေ ဘာတွေ မဝယ်နိုင်ဘူး။ ကိုယ့်ဘာသာ ဆိုင်ကယ်လေးနဲ့ပဲ ပတ်သွား အဲလိုမျိုးလုပ်ရတာပေါ့။ နောက်ပြီးတော့ အဖွဲ့အစည်းဆိုလည်း အတည်တကျ မရှိသေးဘူးဗျာ။ ပြောရရင် လိုက်ကူတဲ့ လူတွေတောင်မှ ဘာမုန့်ဖိုးမှ မပေးနိုင်ဘူး။ အလှူရှင်တွေ ဘာတွေဆိုတာ ကလည်း ကျွန်တော်တို့ လုပ်ပြီး နောက်မှသိတာလေ။ ၂၀၁၇ ကစလုပ်တယ် ၂၀၂၀ မှသိတာဆိုတော့ ၁၇၊ ၁၈၊ ၁၉၊ ၂၀ လေးနှစ်လောက် ကြာမှသိတာ။ အစတုန်းကတော့ ချို့ချို့တဲ့တဲ့နဲ့ပဲ ပြောရမယ် အဲလိုကနေ စခဲ့တာပေါ့"
ရေနံ့သာဒင်းဂါး ဆိုတဲ့နာမည် ဖုန်းနံပါတ်နဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ တင်တာကစပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း လူသိများလာကာ အလှူရှင်တွေက ဆက်သွယ်လှူဒါန်း လာတယ်လို့ ပြောပါတယ်။
နောက်ပိုင်းမှာတော့ ကိုဒင်းဂါးတို့အဖွဲ့ဟာ အလှူငွေတွေကြောင့် လုပ်ငန်းတွေ ပိုးတိုးချဲ့ လုပ်ကိုင်လာနိုင်ပါတယ်။
၂၀၁၈ ခုနှစ်က စဆောက်ဖြစ်တဲ့ ရေချမ်းစင်တွေက လက်ရှိအချိန်မှာ အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုကြောင့် ၃၇ လုံး ဆောက်လုပ်ပြီးစီးခဲ့ပြီး ဇရပ်က ၁၃ ဆောင် ဆောက်လုပ်ထားနိုင်ပါပြီ။
ဒီ့အပြင် ရေနံချောင်းပတ်ဝန်းကျင်မှာရှိတဲ့ ရေအခက်အခဲဖြစ်တဲ့ ကျေးရွာတွေမှာ ကန်အကြီး၊ ကန်အသေးတွေ တူးဖော်ခဲ့တာ ၅၀ ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ သာယာကုန်းရွာအနီးက ဘူးကုန်းကန်သစ်ကြီးကို တူးဖော်နေတယ်လို့ ကိုဒင်းဂါးက ပြောပါတယ်။
သာယာကုန်းရွာက ဦးလှမြင့်ကတော့ မွေးကတည်းက သူတို့ဒေသမှာ ရေအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ရေတော်တော်ရှားပါးခဲ့တယ်လို့ ပြောပါတယ်။
"ရေအခက်အခဲကတော့ ကျွန်တော်တို့ ဘယ်လောက်ရှိသလဲဆို လူတစ်ယောက် ရေချိုးရတာကို ရေတစ်ပုံး ဘယ်ချိုးနိုင်မလဲ။ ကျွန်တော်တို့ အိုးလေးနဲ့ လေးမြူလောက်ပဲ ချိုးရတဲ့အခါမျိုးတွေ ရှိတယ်။ ရေဆိုတာ တော်တော် ခက်ခဲတယ်။ နည်းနည်းကျဉ်းကျဉ်း ခက်ခဲတာမဟုတ်ပါဘူး၊ ရေနဲ့ ပတ်သက်ပြီး ခက်ခဲတာက။ ကျွန်တော်တို့ တွင်းတွေဆို တော်တော် အလှမ်းဝေးတယ်။ အဲတွင်းတွေကို သွားသုံးနေရတာပေါ့။ ကျွန်တော်တို့ လူ့ဘဝကတော့ လူဖြစ်ကတည်းက ရေရှားပါးတာကတော့ တော်တော်ရှားပါးခဲ့ပါတယ်"
ဘောလုံးကွင်း တစ်ကွင်းစာလောက် ကျယ်ဝန်တဲ့ ဒီကန်ကြီးကို ခေတ်အဆက်ဆက် ရဟန်း၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက တူးဖော်ပေးခဲ့ပေမယ့် လက်ရှိမှာ တိမ်ကောသလို ဖြစ်နေတာကို ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့က ပြန်လည် တူဖော်ပေးနေတာလို့ ဦးလှမြင့်က ဆက်ပြောပါတယ်။
ဒီကန်ကြီး ပြီးသွားရင်တော့ အနီးပတ်ဝန်းကျင်ကျေးရွာတွေ၊ တိရစ္ဆာန်လေးတွေနဲ့ အပင်တွေအတွက်ပါ အကျိုးရှိတယ်လို့ ပြောပါတယ်။

ရေနံ့သာဒင်းဂါး ညီနောင်များအဖွဲ့ဟာ ရေကန်တွေအပြင် ဆိတ်၊ နွား စတဲ့ တိရစ္ဆာန်တွေ သောက်သုံးဖို့ ငှက်သောက်ကန်လေးတွေကိုပါ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ လုပ်ဆောင်နေပါတယ်။
လက်ရှိ သူတို့အဖွဲ့မှာ အမြဲတမ်း ကူညီလုပ်ကိုင်ပေးနေသူအဖွဲ့ဝင် ရှစ်ဦးရှိပါတယ်။ ဒီအထဲက အဖွဲ့ဝင်တစ်ဦးကတော့ နိုင်ငံရပ်ခြားမှာ အလုပ်နေချိန် ကိုဒင်းဂါး လုပ်ကိုင် နေတာကို ဖေ့စ်ဘွတ်ကနေ တွေ့မြင်ခဲ့ရပြီး ဒီကို ပြန်ရောက်ချိန်မှာ ဝင်ရောက် လုပ်ကိုင်ခဲ့တာပါ။
လူတိုင်း မလုပ်နိုင်တဲ့ အများအကျိုးရှိမယ့်အရာတွေ ကိုဒင်းဂါး လုပ်ကိုင်နေတာကို အားကျပြီး ကူညီဖို့ အဖွဲ့ထဲ ဝင်ရောက်လာတာလို့ ကိုဌေးမင်းဦးက ပြောပါတယ်။
"အလုပ်က တွင်ကျယ်လာတော့ကျတော့ဗျာ၊ ကျွန်တော်တို့ပါ စိတ်ဝင်စားလာတာပေါ့။ ကိုယ့်ညီအကိုတစ်ယောက် ဒီလိုလုပ်နေတာ ကိုယ်လည်း ပြန်လာရင် ဝင်မယ်၊ လုပ်မယ်၊ တတ်နိုင်သလောက် ကူညီပေးမယ်ဆိုပြီး စိတ်က အမြဲတမ်းရှိပြီးသားပါ။ ပိုပြီး လုပ်ချင်စိတ်ပေါက်လာတာပေါ့။ ကျွန်တော်တို့ မလုပ်နိုင်တဲ့အလုပ်တွေ သူလုပ်နေတာ လေ။ ကျွန်တော်တို့က ငွေပဲရှာနေရတာဆိုတော့ မအားတော့ အခုလောလောဆယ် ကျွန်တော် မိန်းမနဲ့ စကားများပြီး ပြန်လာတဲ့ အချိန်မှာတော့ လုံးလုံးကို ဒီအဖွဲ့ထဲ ကျွန်တော် လုံးလုံး ရောက်သွားတာ"
သူ ဒီအဖွဲ့ထဲမှာ ဝင်ရောက် လုပ်ကိုင်တာ တစ်နှစ်ခန့် ရှိခဲ့ပြီး ကိုယ်တိုင်က သစ်ပင် စိုက်ပျိုးတာကို ဝါသနာပါတဲ့အတွက် လုပ်ကိုင်ရတာ ပျော်တယ်လို့ ပြောပါတယ်။
နိုင်ငံခြားကို ပြန်ထွက်ပြီး အလုပ်မလုပ်ခင်အထိ ကိုဒင်းဂါးရဲ့ အလုပ်တွေကို ဆက်လက်ကူညီလုပ်ကိုင်ပေးသွားမယ်လို့ ကိုဌေးမင်းဦးက ဆက်ပြောပါတယ်။
ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့ဟာ လက်ရှိမိုးမကျခင် အပင်တွေ များများ စိုက်ပျိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။
သူတို့အဖွဲ့ရဲ့ တစ်နေ့ အသုံးစရိတ်က ရေဖိုး၊ ရေချမ်းစင်အတွက် ရေသန့်ဖိုး၊ ဆိုင်ကယ်၊ သုံးဘီး ဆီဖိုး၊ ရေလောင်းဖို့ ငှားရမ်းခနဲ့ ကူညီလုပ်ကိုင်ပေးသူတွေကို လုပ်အားခ ပြန်ပေးရတာတွေနဲ့ဆိုရင် တစ်နေ့ကို အနည်းဆုံး သုံးသိန်းကျပ် ခန့်ရှိပါတယ်။
ပြည်တွင်း၊ ပြည်ပကနေ ထည့်ဝင်တဲ့ အလှူငွေတွေထဲကနေ သိန်း ၃၀ ကို အရေးပေါ် လိုအပ်ရင် သုံးစွဲဖို့ ချန်ထားပြီး ရလာတဲ့ အလှူငွေတွေကို နေ့စဉ်ကုန်ကျနေတဲ့ အထွေထွေ ကုန်ကျစရိတ်တွေအတွက် သုံးစွဲနေတယ်လို့ ဒင်းဂါး ညီနောင်များအဖွဲ့က ဆိုပါတယ်။
"ကျွန်တော်တို့လက်ထက်မှာလည်း နောက်လူတွေအတွက် ပိုပြီးပူလောင်တဲ့အနေအထားကြီး မထားခဲ့ဘဲနဲ့ ကိုယ့်ဘာသာနိုင်သလောက် တစ်ပင်ရှင်ရှင်၊ နှစ်ပင်ရှင်ရှင်ပေါ့"
ဒီအဖွဲ့ကို ဦးဆောင်သူ ကိုဒင်းဂါးကတော့ သူတို့က အရိပ်ရအောင် လုပ်ကိုင်နေသလို အခြားသူတွေအနေနဲ့လည်း နောက်မျိုးဆက်တွေအတွက် အရိပ်ပေးနိုင်အောင် အပင်တွေစိုက်ဖို့ တိုက်တွန်းပါတယ်။
"အခု ကျွန်တော်တို့ သစ်ပင်ရိပ်တွေ မှီခိုနေတယ်ဆိုတာ ရှေးလူကြီးတွေ စိုက်ခဲ့လို့ အခုကျွန်တော်တို့ စိုက်ခဲ့ရင် ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်က သစ်ပင်ရိပ်ရှိမယ်၊ နားခိုရမယ်။ အဲလို ကျွန်တော်တို့လက်ထက်မှာလည်း နောက်လူတွေအတွက် ပိုပြီး ပူလောင်တဲ့အနေအထားကြီး မထားခဲ့ဘဲနဲ့ ကိုယ့်ဘာသာနိုင်သလောက် တစ်ပင်ရှင်ရှင်၊ နှစ်ပင်ရှင်ရှင်ပေါ့။ လုံးဝမစိုက်ဘဲနဲ့ ရှင်အောင်တော့ တစ်ပင်တစ်လေတော့ အနည်းဆုံးထားပြီးတော့ စိုက်သွားကြဖို့ ပြောချင်တာပေါ့"
သူပထမဆုံး စိုက်ပျိုးထားတဲ့ အပင်တွေက လက်ရှိအချိန်မှာ အရိပ်တွေရနေလို့ ကြည်နူးပီတိ ဖြစ်နေတယ်လို့ ပြောပါတယ်။
သူ့အနေနဲ့ အနာဂတ်မှာအပင်နဲ့ ပတ်သက်တဲ့ စီးပွားရေးအလုပ်တစ်ခုကို တွေးထားပြီး လက်ရှိလုပ်နေတဲ့ သဘာဝပတ်ဝန်းကျင် ပရဟိတလုပ်ငန်းကိုလည်း ကျန်းမာရေး ကောင်းတဲ့အထိ တစ်သက်လုံး လုပ်ကိုင်သွားဖို့ တွေးထားပါတယ်။
မြန်မာနိုင်ငံမှာ စံချိန်တင် အပူချိန် ၄၄၊ ၄၅ ဒီဂရီစင်တီဂရိတ်အထိရှိတဲ့ ရေနံချောင်း၊ ချောက်ဒေသကို နောက် ဆယ်စုနှစ်ကြာရင် အရိပ်ရအပင်တွေနဲ့ စိမ်းလန်းစိုပြေပြီး ရာသီဥတုကောင်းမွန် မျှတတဲ့ဒေသအဖြစ် ကိုဒင်းဂါး တစ်ယောက် ယုံကြည်မျှော်လင့်လျှက် ရှိနေပါတယ်။