၂၀၂၁ ခုနှစ်ကစလို့ ကျောင်းပြင်ပရောက်နေတဲ့ ၁၅ နှစ်အောက်ကလေးတွေကို Placement Test လို့ခေါ်တဲ့ အရည်အချင်းစစ်ပြီး သင့်တော်တဲ့အတန်းမှာပညာသင်ခွင့်ပေးမယ်လို့ စစ်တပ်ခန့်အစိုးရကသတ်မှတ်လိုက်ပေမယ့် စစ်ပွဲတွေမရှိတဲ့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာတောင် ကလေးအားလုံးဒီအခွင့်အရေးမရကြဘူးလို့ RFA က စုံစမ်းသိရှိရပါတယ်။
ကလေးတချို့ဟာ ရောက်နေတဲ့အသက်အရွယ်နဲ့မကိုက်ညီတဲ့ နိမ့်တဲ့အတန်းတွေကို ပြန်တက်ရမဲ့အခြေအနေဖြစ်နေတယ်လို့ မန္တလေးမြို့ခံတစ်ယောက်က RFA ကိုပြောပါတယ်။
“သမီးအငယ်ဆုံးလေးက အခု ငါးတန်းနဲ့ အပ်ခဲ့ရတယ်။ ၁၃ နှစ်ဆိုတော့ ၇ တန်း ၈ တန်းတော့ ပြန်ရဦးမှာပဲလို့ တွေးတာပေါ့။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူး။ လုံး၀ကို ၂၀၂၁ ကနေပြီးမှ ယနေ့အချိန်အထိ မတက်ရသေးတဲ့လူကို သူတို့ကပြောချင်တာ”
ဒီအစီအစဉ်အရ အသက်အရွယ်အလိုက် ၂ တန်း (Grade-2 ) ကနေ ၉တန်း (Grade-9) အထိ ကလေးတွေဟာ ဇွန်လ ၅ ရက်နေ့ နောက်ဆုံးထားလျှောက်လွှာတင်ရမှာဖြစ်ပြီး ဇွန်လထဲမှာပဲ အရည်အချင်းစစ်စာမေးပွဲဖြေရမှာဖြစ်ပါတယ်။
အသက် ၁၅ နှစ်အထက်ကလေးတွေဆိုရင် ဒီအစီအစဥ်နဲ့မကိုက်လို့ သူတို့အတွက် ပညာသင်ခွင့်ဆုံးရှုံးရပြီလို့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ကျောင်းသားမိဘတစ်ယောက်က RFA ကိုပြောပါတယ်။
“ကျနော်တို့ရွာဆို Cancel လုပ်ထားတာအများကြီးပဲ စစ်ကောင်စီ (ပညာရေး) ကို Cancel လုပ်ထားတာလေ။ ကျနော့် သမီးကတော့ ၁၆ နှစ်ထဲဝင်တော့မှာ ၅ လပဲ လိုတော့တယ်ဆိုတော့ သူကတော့ လွတ်သွားပြီ။ စစ်ကောင်စီဘက်ကလည်း လိုက်လို့အဆင်မပြေဘူးဆိုတော့ အသက်မွေးပညာပဲသင်းခိုင်းလိုက်တော့တာ။ အဲဒီလို သင်ခိုင်းတဲ့လူတွေက ကျနော်တို့ရွာမှာအများကြီးရှိတယ်”
အခုအစီအစဉ်ဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ကျောင်းသားတွေကိုပြန်ဆွဲခေါ်ဖို့ ကြိုးပမ်းတာလို့ CDM ကျောင်းဆရာမတစ်ယောက်က ရှုမြင်ပါတယ်။
“NUG ပညာရေး မြေပြင်ပညာရေးတွေ ဖော်ဆောင်ကတည်းက အသက်အရွယ်နဲ့ ညီမျှတဲ့အတန်းတွေကို ထားပေးဖို့အတွက် စိုးမိုးရတဲ့နေရာ မြေပြင်ပညာရေးကျောင်းတွေ အွန်လိုင်းကျောင်းတွေမှာ လက်ခံထား ပြီးသား။ ဒီဟာကို သူတို့က အခုကျတော့ တရားဝင်ထုတ်ကြေညာပြီးတော့ ကလေးတွေကို ပြန်ဆွဲတာ။ လုံး၀ ကျောင်းမနေဘူးတဲ့ CDM ကျောင်းသူကျောင်းသားတွေကို သူတို့ဘက်ပါလာအောင်ဆွဲတာပေါ့။ CDM ကျောင်းသူ ကျောင်းသားတွေ သူတို့ဆီမှာဘယ်လောက်ရောက်လာပြီဆိုတာကို သိချင်တာပေါ့”
အခုအစီအစဉ်ဟာ နိုင်ငံရေးအမျှော်အမြင်နဲ့ဆောင်ရွက်တာလို့ စစ်တပ်အရာရှိဟောင်း ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
“သေသေချာချာကို စဉ်းစားပြီးမှ ဒါကိုမဟာဗျူဟာမြောက် ဆောင်ရွက်လိုက်တာပေါ့နော်။ လူသားအရင်းအမြစ်ကိုလေးစားတယ်။ နောက်တစ်ခုက နောက်ဆုံးတော့ ဆရာကြီးဆိုတာ အစိုးရပါပဲကွာဆိုတဲ့အချက်ပေါ့နော်။ ဒါကတော့ နိုင်ငံရေးအမျှော်အမြင်နဲ့ ဆောင် ရွက်တယ်လို့ ကျနော်တို့ယူဆတယ်”
တချို့ ကျောင်းသားမိဘတွေကလည်း ကလေးတွေရဲ့အနာဂတ်အတွက် ကျောင်းပြန်အပ်ဖို့ စဉ်းစားနေကြပေမဲ့ စာသင်ကျောင်းတွေကို လေကြာင်းကနေပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်တွေကြောင့် ကလေးတွေရဲ့လုံခြုံရေးကိုစိုးရိမ်ပြီး အစိုးရကျောင်းတွေမှာ မထားချင်တဲ့သူတွေလည်းရှိနေပါတယ်။
ဒီငါးနှစ်အတွင်း ဆင်းရဲသားလူတန်းစား ကလေးတွေမှာ ပညာရေးထက်စားဝတ်နေရေးကို ပိုပြီးဦးစားပေးလာရတယ်လို့ ရန်ကုန်မြို့ခံတစ်ယောက်ကပြောပါတယ်။
“အခုပြင်ပ (ကျောင်းပြင်ပ) လေးနှစ်ငါးနှစ်လောက်မှာ ငွေရေးကြေးရေး မပြည့်စုံတဲ့ မိသားစုကကျတော့ အဲဒါတွေ သိပ်ပြီးတော့ ခေါင်းထဲ မထည့်နိုင်တော့ဘူး။ ပြောရရင် ပညာရေးကို သိပ်စိတ်မဝင်စားတော့ဘူးပေါ့။ စားဝတ်နေရေးကိုပဲ ဦးစားပေးပြီး ဒီဥစ္စာကို သွားနေကြရတာလေ။ အခွင့်အရေးတွေအများကြီးဆုံးရှုံးသွားတာပေါ့ ဒီကလေးတွေ”
မြန်မာနိုင်ငံမှာ ကလေးငယ် ၄ ဒဿမ ၇ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
