မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား (Ma Jia) ဟာ နေပြည်တော်မှာ စစ်တပ်ခန့် ထိပ်တန်းခေါင်းဆောင်တွေနဲ့ လွှတ်တော်သစ် တာဝန်ရှိသူတွေကို မေလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တို့က တစ်ရက်စီ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံးက မေလ ၂၁ နေ့က ထုတ်ပြန်ပါတယ်။
မေလ ၁၉ ရက်မှာ ဒုတိယသမ္မတ ဦးညိုစောနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအကြီးအကဲနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီတို့ကို သီးခြားစီ တွေ့ဆုံခဲ့ပြီး Belt and Road စီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
မေလ ၂၀ ရက်နေ့မှာ စစ်တပ်ခန့် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနဲ့တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံရဲ့ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။
ဒီလို တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား “နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ” အပါအဝင် အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနဲ့လည်း မေလ ၂၀ နေ့က သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဥပဒေပြုရေးအဖွဲ့အစည်းတွေအကြား ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဦးအောင်လင်းဒွေးက မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ကြိုးစားနေပြီး၊ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းအခွင့်အလမ်းတွေကို ချီးမွမ်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံရဲ့ အထောက်အပံ့တွေအပေါ် ကျေးဇူးတင်ရသလို ဥပဒေပြုရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်လုံခြုံရေးကဏ္ဍ တွေမှာလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ တရုတ်ရဲ့ ချဉ်းကပ်မှုတွေဟာ နိုင်ငံရေးထက် သူတို့အကျိုးစီးပွားအတွက်သာ ဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။
“ဒီလိုတွေ့ဆုံမှုတွေက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲထက် စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးကို ပိုအာရုံစိုက်နေတဲ့ သဘောထားကို ပြသနေတာဖြစ်နိုင်ပါတယ်။ Belt and Road စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအပါအဝင် အကျိုးစီးပွားဆိုင်ရာကိစ္စတွေမှာ အဓိကထားနေတာလည်း တွေ့ရပါတယ်”
တရုတ်နိုင်ငံအနေနဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့ကို နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်တယ်လို့ တိုက်ရိုက် ပြောဖို့ဆိိုတာကလည်း အခြေအနေအရ ခက်နေသေးတယ်လို့ သူကပြောပါတယ်။
တရုတ်သံရုံးထုတ်ပြန်ချက်တွေအရ အခုလိုတွေ့ဆုံမှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းဖို့နဲ့ “တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေးကို ဆက်လက် တွန်းအားပေးသွားမယ်လို့ လည်း ဖော်ပြထားပါတယ်။
စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ကုန်အထိစာရင်းတွေအရ တရုတ်၊ စင်ကာပူနဲ့ ထိုင်းဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု ထိပ်ဆုံး သုံးနိုင်ငံ ဖြစ်ပါတယ်။
