အုတ်ဖိုမှာ ရွာပေါင်း ၂၅ ရွာထက်မနည်းက လူဦးရေ နှစ်သောင်းခန့် ထွက်ပြေးနေရ

မိုးရာသီ ဖြစ်နေတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေမှာ အခက်အခဲ ဒုက္ခတွေ ရင်ဆိုင်နေရ။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် မေလ ၂၆ ရက် ဒီကနေ့အထိ ရွာပေါင်း ၂၅ ရွာထက်မနည်းက လူဦးရေ နှစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒေါင်းကြီး၊ ဒေါင်းလေး၊ ကျီးပင်ဆိပ်၊ မအူတန်း၊ ဝင်းသရက်၊ သရက်နှစ်ပင်လိမ်၊ ကိုင်းရှိုကြီး၊ သာလိကာ၊ ချောင်းခွကြီး၊ ကျွဲတဲကုန်း၊ ကြိုးကြားကွင်း၊ စမ်းကြီးကုန်း၊ စံပြ၊ ထွက်တိုး၊ ရေငံ၊ စမ်းသုခ၊ ကိုင်းတောစု၊ ကြို့ကိုးပင်၊ ချင်းစု၊ ကျွဲဖြူမ၊ ရွာရှောင်၊ ကိုင်းကြီး၊ ကိုင်းလေး၊ တင်းကုတ်နဲ့ ကျေးပြတ် စတဲ့ ရွာတွေက အိမ်ထောင်စု ၃၉၁၆ စု ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကတည်းက အုတ်ဖိုမြို့နယ်ထဲကို အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဝင်ရောက် လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်က စစ်ကူတွေကိုလည်း အင်အားထပ်ဖြည့်လာတာကြောင့် လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။

မိုးရာသီ ဖြစ်နေတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေမှာ အခက်အခဲ ဒုက္ခတွေ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့က နီးစပ်ရာ တောထဲ လုံခြုံမယ့်နေရာတွေကို ခေါ်ရပါတယ်။ မိုးနဲ့လည်း တိုးနေတော့ သက်ကြီးရွယ်အိုတွေကို အတော်ကို အဆင်မပြေ ဖြစ်ရတယ်။ ကျွဲလှည်းတွေနဲ့ တိုက်ထုတ်၊ အဖိုးကြီး၊ အဖွားကြီးတွေ အရမ်းကို ဒုက္ခတွေ များနေပါတယ်။”

စစ်ဘေးဒုက္ခသည်တွေကို လေကြောင်းအန္တရာယ် လုံခြုံမယ့်နေရာတွေ၊ လက်နက်ကြီး အန္တရာယ်လွတ်ကင်းနိုင်မယ့် နေရာတွေကို ကယ်ထုတ်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

လက်ရှိ စစ်တပ်က ကျေးပြတ်ရွာနဲ့ ရှားစေးဖိုရွာမှာ ရှိနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ တောထဲက ယာယီတဲလေးတွေမှာ အဆင်ပြေသလို နေထိုင်နေရတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲက ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်းမြို့နယ်၊ မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တွေကို စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။