တိုက်ပွဲတွေကြောင့် ထီးချိုင့်-ကသာလမ်းပိုင်းမှာ ခရီးသွားထောင်နဲ့ချီ ပိတ်မိနေ

မေလ ၂၃ ရက်နေ့နောက်ပိုင်း တိုက်ပွဲဖြစ်အပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ တာကြောင့် ထီးချိုင့်-ကသာလမ်းပိုင်းကို ယာယီပိတ်ထားဟုဆို။

စစ်ကိုင်းတိုင်းက ထီးချိုင့်-ကသာလမ်းပိုင်းကို တိုက်ပွဲတွေကြောင့် ယာယီပိတ်လိုက်တဲ့အတွက် ခရီးသည် တင်ယာဉ်နဲ့ကုန်တင်ယာဉ်တွေအပါအဝင် လူပေါင်းတစ်ထောင်နီးပါး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီခရီးသည်တွေနဲ့ ကုန်တင်ယာဉ်တွေဟာ မန္တလေးတိုင်းကနေ စစ်ကိုင်း-ကချင်အစပ်ဒေသ ကသာ- ထီးချိုင့်-မော်လူးစတဲ့ မြို့တွေကိုဖြတ်ပြီး မြစ်ကြီးနားမြို့ကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က နဘားရွာအနီးမှာ စစ်တပ်ယာဉ်တန်းကို KIAနဲ့ KPDFတို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့တဲ့အတွက် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ထီးချိုင့်-ကသာလမ်းပိုင်းကို ယာယီပိတ်ထားတာလို့ အဲဒီအခြေအနေကိုကြုံနေရတဲ့ မြစ်ကြီးနားဒေသခံ ခရီးသည်တစ်ဦးက ပြောပါတယ်။

“ကားအစီးကတော့ ၅၀၀ လောက်ရှိတယ်ဗျ။ လူကတော့ ထောင်ကျော်ရှိလောက်တယ်။ လောလောဆယ်တော့ ကားတွေကို ထီးချိုင့်-ကသာလမ်းပေါ်ပဲ ရပ်ထားပြီး လူတွေကတော့ လွတ်ရာကင်းရာတွေ ခိုနေရတာ။ စားတာသောက်တာကတော့ ကသာမှာရှိတဲ့ဘုန်းကြီးကျောင်းတွေကကျွေးတယ်။ ပိတ်မိနေတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ ဘယ်နေ့ပြန်ဖွင့်မလဲတော့မသိဘူး။ အဓိကကတော့လေယာဉ်တွေ ငြိမ်သွားရင်တော့ ကားတန်းကို အသုတ်လိုက်ခွဲပြီး လွှတ်ပေးမယ်ကြားပါတယ်”

လတ်တလောမှာတော့ ကသာမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ ကချင်ဝင်ပေါက် မော်လူး၊ နန့်စီး​ေအာင်နဲ့ ရွှေကူမြို့တို့မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လေကြောင်းပစ်ခတ်မှုတွေလည်း နေ့စဉ်ကြားနေရတယ်လို့ သူကဆိုပါတယ်။

စစ်တပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ထီးချိုင့်-ကသာ လမ်းပိုင်း၊ အင်းတော်-နဘားလမ်းပိုင်းနဲ့မော်လူး-နန့်စီးအောင်လမ်းပိုင်းတို့ကို အသုံးမပြုကြဖို့ ပြီးခဲ့တဲ့မေလ ၂၄ ရက်နေ့က ကသာခရိုင်၊ အမှတ်-၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းရဲ့ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

မြန်မာနိုင်ငံအထက်ပိုင်းရဲ့ အဓိကကုန်သွယ်ရေးလမ်းမဖြစ်တဲ့ ရွှေဘို-မြစ်ကြီးနားလမ်းမကို အခုနှစ်အတွင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဖြတ်သန်းသွားလာကြတဲ့ ခရီးသွားတွေထံကနေ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို လုံခြုံရေးအကြောင်းပြကာ သိမ်းဆည်းနေတာကြောင့် ခရီးသွားအများစုဟာ အသုံးမပြုရဲကြဘူးလို့ ဆိုကြပါတယ်။