လူမှုကွန်ရက်ပေါ်က စစ်အုပ်စုဝါဒဖြန့်အကောင့် ၁၅၀၀ ကျော် ဖယ်ရှားခံရ

၆ လအတွင်း Meta/Facebook အပါအဝင် နည်းပညာကုမ္ပဏီတွေထံ အနည်းဆုံး ၁၃ ကြိမ် တိုင်ကြားခဲ့ပြီး မြန်မာစစ်တပ်နဲ့ ဆက်စပ်အကောင့်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့။

လူမှုကွန်ရက်ပေါ်မှာ စစ်ရာဇဝတ်မှုတွေ ဖုံးကွယ်ဝါဒဖြန့်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာ စစ်အာဏာပိုင်တွေနဲ့ စစ်အကျိုးစီးပွား ဆက်စပ်နေတဲ့ Mytel၊ MECtel အရောင်းကိုယ်စားလှယ်တွေနဲ့ MRTV၊ MWD ဝါဒဖြန့် အကောင့်တွေအပါအဝင် စုစုပေါင်း အကောင့် ၁,၅၀၀ ကျော်ကို Facebook က ဖယ်ရှားခဲ့တယ်လို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မေလ ၂၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ဒီဇင်ဘာလက စပြီး ၆ လအတွင်း Meta/Facebook အပါအဝင် နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေထံ အနည်းဆုံး ၁၃ ကြိမ် တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပြီး စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ အကောင့်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ မရတနာမောင်ကဆိုပါတယ်။

ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုနေတာကြောင့် ဖယ်ရှားဖို့ တိုင်ကြားရတာဖြစ်တယ်လို့လည်း မရတနာမောင်က RFA ကို ပြောပါတယ်။

“ဖယ်ရှားခံရလိုက်ရ အကောင့်ပေါင်း ၁၅၀၀ ကျော်ထဲမှာ Mytel၊ MECtel အရောင်းကိုယ်စားလှယ်တွေ အပါအဝင် စစ်တပ်ပိုင်စီးပွားရေးကွန်ရက်တွေနဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေ ပါဝင်ပါတယ်။ ဒီကွန်ရက်တွေဟာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတာသာမက ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို အားပေးကူညီနေတဲ့အတွက် ဖယ်ရှားသင့်တာပါ”

ဒါ့အပြင် စစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဟာ နာမည်ပြောင်းတာ၊ ပလက်ဖောင်းပြောင်းတာ တွေလုပ်ပြီး အကောင့်အသစ်တွေနဲ့ ပြန်ဖွင့်လာတာရှိပေမယ့် အဲဒီအကောင့်သစ်တွေကိုလည်း ထပ်မံ ဖယ်ရှားနိုင်ခဲ့တယ်လို့ JFM က ပြောပါတယ်။

Facebook အပြင် YouTube၊ TikTok၊ Twitch နဲ့ Kick တို့လို platform တွေမှာလည်း စစ်အုပ်စုနဲ့ ဆက်စပ်အကောင့်တွေ ဖယ်ရှားခံရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ Telegram နဲ့ Apple ကတော့ ဒီနေ့အထိ အရေးယူဖယ်ရှားတာမျိုး မတွေ့ရသေးပါဘူးလို့ Justice For Myanmar (JFM) က RFA ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ အွန်လိုင်းပေါ်က လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ နည်းပညာကုမ္ပဏီတွေရဲ့ အရေးယူမှုတွေ ပိုလိုအပ်နေသေးတယ်လို့ဆိုပါတယ်။

အထူးသဖြင့် Alphabet၊ Apple၊ TikTok နဲ့ Telegram တို့အနေနဲ့ စစ်အုပ်စုနဲ့ ဆက်စပ်လုပ်ငန်းတွေကို သူတို့ platform တွေပေါ်ကနေ ပိတ်ပင်ဖယ်ရှားပေးဖို့ ထပ်မံတောင်းဆိုချင်ပါတယ်” လို့ Justice For Myanmar (JFM) က ပြောပါတယ်။