စိတ်ရောဂါဝေဒနာရှင်တွေကို ပြုစုကုသပေးနေတဲ့ မြန်မာနိုင်ငံက အကြီးဆုံး ရွာသာကြီး စိတ်ရောဂါကုဆေးရုံမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ အဲဒီအထဲမှာ စိတ်ဝေဒနာရှင်တွေကို မိသားစုဝင်တွေက ပစ်ပယ်တာတွေ၊ လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံတာတွေ ပါဝင်တယ်လို့ စိတ်ရောဂါ ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်း က တင်ပြထားပါတယ်။
ရန်ကုန်ုတိုင်းဒေသကြီး ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံက နှစ်ရှည်ကုသနေရတဲ့ လူနာတွေနဲ့ ပိုင်ရှင်မဲ့လူနာ အယောက် ၁၂၀ ကို အပန်းဖြေခရီးအဖြစ် နိုဝင်ဘာ ၁၅ ရက်မှာ ဆေးရုံတာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပဲခူးမြို့က ဘုရားတွေကို ပို့ဆောင်ပေးတာဖြစ်ပါတယ်။
ရောဂါကုသမှု ခံယူပြီး ပြန်ကောင်းလာပေမယ့် မိသားစုက ပြန်လက်မခံတဲ့ လူနာအရေအတွက်ဟာ ဆေးရုံမှာ အယောက် ၆၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီလို ပိုင်ရှင်မဲ့လူနာတွေကို ပြန်မလွှတ်ဘဲ စောင့်ရှောက်ထားရတဲ့ အကြောင်းအရင်းကို ရွာသာကြီး စိတ်ရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ တင်တင်ဝင်းက အခုလို ပြောပါတယ်။
"ပြန်လွှတ်လိုက်တယ်။ ဆေးမသောက်ဘူး။ ဆေးမသောက်ရင် ပြန်ဖြစ်တယ်။ ပြန်ဖြစ်ရင် အစ်မတို့ဆီပဲ ပြန်လာ တယ်။ အဲဒီတော့ ပြန်မခေါ်မယ့်အတူတူ ဒီလူတွေက အမတို့ဆီမှာ ဆေးမှန်မှန်သောက်ရမယ်။ ဘာပဲဖြစ်ဖြစ် အစ်မတို့ဆေးရုံကကျွေးတဲ့ ထမင်းကို စားရမယ်ဆိုတဲ့အခါကျတော့ သူတို့ကိုတော့ အစ်မတို့က တာဝန်မယူလို့ကို မရတာလေ။ မဟုတ်ရင် အပြင်ရောက်သွားမယ်။ မသက်သာဘူးဆိုရင် ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်တာပေါ့။ တခြားဟာတွေလည်း ဖြစ်နိုင်တာပေါ့။ ရာဇဝတ်မှုတွေ ဖြစ်လာနိုင်တော့ အစ်မတို့တော့ ပြန်လွှတ်လို့မရဘူး"
မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဒီလို စိတ်ရောဂါရှိသူတစ်ယောက် မိသားစုမှာရှိတာကို ရှက်တဲ့သူတွေ၊ လူသိမခံချင် တဲ့သူတွေ၊ စိတ်ဝေဒနာရှင်တွေကို နှိမ့်ချဆက်ဆံတတ်တဲ့ ပတ်ဝန်းကျင်တွေ ရှိနေသေးတယ်လို့လည်း ပြောကြပါတယ်။
တချို့မိသားစုတွေကတော့ စားဝတ်နေရေး အခက်ခဲကြောင့် ဝေဒနာရှင်ကို မစောင့်ရှောက်နိုင်တဲ့အတွက် ပြန်လက်မခံကြတာလို့လည်း သိရပါတယ်။ အဲဒီလို ခွဲခြားဆက်ဆံတာတွေဟာ သူတို့တွေရဲ့ စိတ်ကျန်းမာရေး ပြန်ကောင်းလာဖို့အတွက်ကို အကူအညီ မဖြစ်စေတဲ့အပြင် နှောင့်နှေးစေတယ်လို့လည်း ဒေါက်တာ တင်တင်ဝင်းက ပြောပါတယ်။
နေပြည်တော် ပြည်သူ့ဆေးရုံကြီး စိတ်ကျန်းမာရေး ပါမောက္ခ ဒေါက်တာ ဆန်းလင်းကတော့ စိတ်ဝေဒနာရှင်တွေကို လူမှုအသိုင်းအဝိုင်းက ပံ့ပိုးပေးရင် ပြန်ကောင်းလာနိုင်တယ်လို့ ပြောပါတယ်။
"စိတ်ဝေဒနာရှင်ကို ပစ်ပယ်တာ။ ထိရောက်တဲ့ ကုသမှုမပေးဘဲ ဖုံးကွယ်ထားတာ။ ဒါတွေက ရောဂါဆိုးလာစေ တယ်။ စိတ်ဝေဒနာရှင်အတွက်ရော၊ သူရှိတဲ့ အသိုင်းအဝိုင်းအတွက်ရော ကောင်းကျိုးမရှိဘူး။ စောစောစီးစီးသိရှိ၊ စောစီးစွာ ကုသပြီးတော့ မိသားစုဝင်တွေကိုယ်တိုင်ရော၊ သူရှင်သန်တဲ့ လူမှုအသိုင်းအဝန်းကရော ပံ့ပိုးပေးတယ် ဆိုရင် ဒီဝေဒနာရှင်တစ်ယောက်က လူသားတစ်ယောက်အနေနဲ့ ပြန်လည်ရှင်သန်လာနိုင်တယ်"
မိသားစုဘက်က ပြန်ကြည့်ရင်လည်း စိတ်ကျန်းမာရေးမကောင်းတဲ့ လူနာတစ်ယောက်ရှိနေရင် ပြုစုစောင့်ရှောက်ရတဲ့ ဒုက္ခအပြင် အန္တရာယ်တစ်ခုခုပေးမှာကိုလည်း စိုးရိမ်ရတာတွေလည်း ရှိပါတယ်။
အဲဒါကြောင့် စိတ်ရောဂါရှိတဲ့ လူနာအပြင် မိသားစုဝင်တွေကိုပါ အသိပညာပေး ဆွေးနွေးရတာတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒါတွေက ဆေးရုံမှာရှိတဲ့ ပိုင်ရှင်မဲ့လူနာတွေရဲ့ အခြေအနေတွေပါ။ မိသားစုတွေက ပစ်ပယ်ထားပြီး ပတ်ဝန်းကျင်က စောင့်ရှောက်မှု မပေးနိုင်တဲ့အတွက် ဆေးရုံပြင်ပက စိတ်ရောဂါသည်တွေဆိုရင် သူတို့ကို စ၊ နောက်၊ လှောင်ပြောင်ခံရတာတွေအပြင် ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာတွေပါ ကြုံတွေ့ကြရပါတယ်။
အမျိုးသမီး စိတ်ရောဂါသည်တွေဆိုရင် လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတာတွေအထိ ရင်ဆိုင်ကြရတယ်လို့ စိတ်ရောဂါသည်တွေကို ကူညီပေးနေတဲ့ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့က ကိုဟန်လင်းထွန်းက ပြောပါတယ်။
"လူ့အသိုင်းအဝိုင်းက သူတို့ကို ဆွဲခေါ်စေချင်တယ်။ သီးခြားအနေနဲ့ ဖယ်မထုတ်စေချင်ဘူးပေါ့။ ဒါမှလည်း သူတို့တွေက တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာပေါ့။ သူတို့ကို သီးခြားဖယ်ထုတ်လိုက်ရင် ရောဂါပိုဆိုးသွားမှာ စိုးရိမ်တယ်လေ။ သူတို့ရဲ့ လိုအပ်ချက်တွေကို လူ့အသိုင်းဝန်းကနေ ဖန်တီးပုံဖော် ကူညီလိုက်ခြင်းအားဖြင့် သာယာတဲ့ လူ့အသိုင်းအဝိုင်းကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဆေးပညာကုသမှုနဲ့ ဆေးဝါးတွေ ခေတ်မီလာတာကြောင့် စိတ်ဝေဒနာရှင် လူနာတွေဟာ ကျန်းမာရေး ပြန်ကောင်းနိုင်တဲ့သူတွေဖြစ်တယ်လို့လည်း စိတ်ကျန်းမာရေး ဆရာဝန်တွေက ပြောကြပါတယ်။
ဒါကြောင့် လူနာမိသားစုဝင်တွေအပြင် လူမှုအသိုင်းအဝိုင်းကလည်း ပစ်ပယ်မထားဘဲ ဖေးမစေချင်တယ်လို့ လူမှုကူညီရေးအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးသိန်းလင်းဇော်က ပြောပါတယ်။
"အဲဒီတစ်ယောက်တုန်းကဆိုရင် မုဒိန်းကျင့်ခံရတာ အကြိမ်ကြိမ် အခါခါပဲ။ ဒါတွေက ဘယ်သူလုပ်တာလဲ။ သူနေတာကိုက လမ်းဘေးမှာဆိုတော့ ကျနော်တို့က ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ သူကိုယ်တိုင်က ယောက်ျားလာရင် ဓားနဲ့ခုတ်တာတွေရှိတယ်ဆိုရင် သူ့ကို ဘယ်နှယောက်က ချုပ်ပြီးလုပ်ခဲ့တာလဲ ဒါတွေကို ကျနော်တို့ပြန်တွေးလာတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ အခု သူသမီးလေးတစ်ယောက် ထပ်မွေးထားတယ်လို့ပြောတယ်။ ကျနော်တို့ သွားတော့ကြည့်တယ်။ အဲဒီကလေးကိုတော့ မိဘမဲ့ကျောင်းကို ပို့ရမှာပဲ"
အဲဒီ ဆေးရုံက ပိုင်ရှင်မဲ့လူနာတွေကို လူမှုဘဝမှာ ပုံမှန်အတိုင်း နေထိုင်နိုင်အောင် လူမှုအဖွဲ့အစည်းတချို့က ဥယျာဉ်ခြံ စိုက်ပျိုးတဲ့လုပ်ငန်း၊ အချက်အပြုတ်လုပ်ငန်း၊ လက်မှုလုပ်ငန်းတွေကို သင်ကြားပေးထားတယ်လို့ သိရပါတယ်။
ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံဟာ ကုတင် ၁၂၀၀ ဆံ့လို့ သတ်မှတ်ထားပေမယ့် လက်ရှိမှာတော့ ဆေးရုံတက်နေရတဲ့ လူနာ ၁၅၀၀ လောက်ရှိနေတာပါ။
အစိုးရက ဆေးရုံတက်တဲ့လူနာတွေကို ဆေးဝါးနဲ့ အစားအသောက်တွေ ထောက်ပံ့ပေမယ့်လည်း မလုံလောက် တာကြောင့် အလှူရှင်တွေက လှူဒါန်းပေးနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ထမ်းအင်အားကလည်း ကုတင် ၂၀၀ ဆံ့ ဆေးရုံမှာထားတဲ့ အရေတွက်လောက်သာရှိတာကြောင့် အဲဒီပိုင်ရှင်မဲ့လူနာတွေက တခြားလူနာတွေကို ပြန်ပြီးကူညီစောင့်ရှောက်တာ၊ ထမင်းကျွေးတဲ့အခါမှာ ကူညီတာတွေ လုပ်ပေးကြတယ်လို့ သိရပါတယ်။
တကယ်လို့သာ အဲဒီပိုင်ရှင်မဲ့လူနာတွေကို သူတို့မိသားစုတွေက စွန့်ပစ်မထားခဲ့ဘူးဆိုရင် ကျန်တဲ့စိတ်ဝေဒနာ ရှင်တွေကို ပိုပြီးထိထိရောက်ရောက် ကုသစောင့်ရှောက်ပေးနိုင်မှာဖြစ်တယ်လို့ စိတ်ရောဂါပညာရှင်တွေက ပြောကြပါတယ်။
စိတ်ရောဂါသည်များဟာလည်း တခြားရောဂါရှင်တွေလိုပဲ မိသားစု၊ လူမှုအသိုင်းအဝိုင်းရဲ့ အားပေးကူညီတဲ့ အခွင့်အရေးကို ရထိုက်တဲ့သူတွေဖြစ်တာကြောင့် ခွဲခြားမဆက်ဆံကြဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်ရှင်။