ပအိုဝ်းဒေသမှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၄၇ ဦးသေဆုံးပြီး တစ်သိန်းခန့်ထွက်ပြေးနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံးနဲ့ လွိုင်လင် သုံးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၇ ဦး သေဆုံးပြီး တစ်သိန်းခန့် (၉၅,၉၄၂ ဦး) ထွက်ပြေးနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က မတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၇၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး လက်နက်ကြီး အကြိမ်တစ်ထောင်ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ်ငါးဦး ပါဝင်ပြီး အရပ်သား ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆောက်အအုံ ၁၇၅ ခု ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးပေးခန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းနဲ့ အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ လက်နက်ကြီးကြောင့်လို့ ရေးသားထားပါတယ်။

စစ်ဘေးဒုက္ခသည် တစ်သိန်းခန့်မှာ နှစ်သောင်းနဲ့အထက်ဟာ ၂၀၂၂ ခုနှစ်ကစတင်ပြီး ကယားပြည်နယ်က စစ်ရှောင်လာသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီဒုက္ခသည်တွေထဲက တောတောင်တွေထဲမှာ တိမ်းရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ်နေပြီး ဝမ်းရောဂါတွေပါ ဖြစ်နေတယ်လို့ ဆိုပါတယ်။