တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့တာ ၁၁ နှစ်ပြည့်ခဲ့ပေမဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို အပြည့်အဝ အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ပြောလိုက်တာပါ။
NCA ကို အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေရှိခဲ့သလို ဆွေးနွေးကြတဲ့ အဖွဲ့အစည်းတွေအကြား ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မူလရည်မှန်းထားတဲ့ ပန်းတိုင်ကို မရောက်ရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် နှစ်ဖက်သဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်ခဲ့တာနဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးရလဒ်တွေကို ဒေသခံတွေ မခံစားခဲ့ရတာကြောင့် NCA အပေါ် လူထုယုံကြည်မှုလည်း လျော့နည်းခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပါတယ်။
“အဖွဲ့အစည်းအဆင့်မှာ Bilateral သဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော်နိုင်ခြင်း မရှိလို့ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ငြိမ်းချမ်းရေးအသီးအပွင့်တွေ မစံစား၊ မခံစားရလို့ ဒေသခံလူထုတွေအနေနဲ့ ၁၁ နှစ်သား NCA စာချုပ်အပေါ် ယုံကြည်ကိုးစားမှုတော့ လျော့နည်းကျဆင်းခဲ့ပါတယ်”
၂၀၂၁ ခုနှစ်နောက်ပိုင်း NCA အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတာထက် တစ်ဖွဲ့ချင်းအလိုက်သာ ဆွေးနွေးညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ စတင်လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှာ နောက်ထပ် နှစ်ဖွဲ့ပါဝင်ခဲ့တာကြောင့် NCA ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ဆယ်ဖွဲ့ ရှိပါတယ်။
NCA ကို လက်မှတ်ရေးထိုးပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ငါးကြိမ်ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁၊ ၂ နဲ့ ၃ တို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ NCA ကို အကောင်အထည်ဖော်မှု အားနည်းခဲ့တာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေတာဟာ စစ်တပ်က နိုင်ငံရေးမှာ ဆက်ပါဝင်နေတာနဲ့ ဆက်စပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အာဏာသိမ်းစစ်တပ်က အာဏာစသိမ်းကတည်းက သူ သမ္မတလုပ်ချင်လို့ သိမ်းတာ။ သူထင်သလို မဟုတ်ဘဲ လူထုတစ်ရပ်လုံးကပါ တုံ့ပြန်လာတော့ ဒီလောက်အထိ နှစ်တွေရှည်သွားတာပေါ့။ အခု အစိုးရသစ်လို့ သူတို့ဘာသာပြောနေတဲ့ အာဏာသိမ်းစစ်တပ် နိုင်ငံရေးကနေ မထွက်သွားမချင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးက ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ အခု အဆင်ပြေသွားရင်တောင် ဒါက ရေရှည်ခံမှာ မဟုတ်ဘူး။ စစ်တပ်ဟာ သူ့အကျိုးစီးပွားကို ရပ်တည်ကာကွယ်နေတာမို့ အကျိုးစီးပွားအပေါ် အခြေခံပြီးပဲ လုပ်မှာ။ အဲဒီတော့ သူ့စိတ်မထင်ရင် မထင်သလို မတည်ငြိမ်မှုတွေ ဖြစ်လာမယ်လို့ ထင်တယ်”
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိပါဘူး။
စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ကတော့ NCA လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးထားပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မပါဝင်သေးတဲ့ အဖွဲ့တွေကို ဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့တွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ အဲဒီနှစ်ပတ်လည်နေ့မှာပဲ တိုက်တွန်းခဲ့ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ အဲဒီအခမ်းအနားကို စစ်တပ်ခန့်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
နေပြည်တော်မှာ NCA နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန်မှာပဲ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ စစ်တပ် စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ နေရပ်စွန့်ခွာထွက်ပြေးရတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
