ချေးငွေအစီအစဉ်နှစ်ခု လွှတ်တော်အတည်ပြုပြီးနောက် ဒေါ်လာဈေးမြင့်တက်လာ

ချေးငွေအစီအစဉ်နှစ်ခု အတည်ပြုပြီးနောက် ငွေလဲနှုန်းတွေ ဆက်တက်လာတဲ့အပြင် ဈေးနှုန်းအတက်အကျ မြန်နေ။

ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းဖို့ ဗဟိုဘဏ်ကနေ ကျပ် ၂ ဒသမ ၁ ထရီလီယံအထိ ချေးယူမဲ့ အစီအစဉ်နဲ့ ဘယ်လာရုစ်နိုင်ငံက ပို့ကုန်ချေးငွေ ရယူမဲ့အစီအစဉ်တွေကို စစ်တပ်ခန့်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က အောက်တိုဘာ ၁၄ ရက်နေ့မှာ အတည်ပြုပြီးနောက် ပြည်တွင်းပြင်ပငွေလဲဈေးကွက်မှာ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာတယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက အောက်တိုဘာ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ပြင်ပငွေလဲဈေးကွက်မှာ အောက်တိုဘာလ ၁၄ ရက်နေ့က အမေရိကန်တစ်ဒေါ်လာကို ၄,၅၈၀ ကျပ်ရှိခဲ့ရာက အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ၄,၇၅၀ ကျပ်အထိ မြင့်တက်လာတာပါ။

အောက်တိုဘာလ ၁ ရက်နေ့က တစ်ဒေါ်လာကို ၄,၄၀၀ ကျပ်ကနေ ၄,၅၀၀ ကျပ်ကြားသာ ရှိခဲ့တာကြောင့် နှစ်ပတ်အတွင်း ဒေါ်လာဈေး ၂၅၀ ကျပ်ကနေ ၃၅၀ ကျပ်အထိ၊ ရာခိုင်နှုန်းအနေနဲ့ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

ချေးငွေအစီအစဉ်နှစ်ခု အတည်ပြုပြီးနောက် ငွေလဲနှုန်းတွေ ဆက်တက်လာတဲ့အပြင် ဈေးနှုန်းအတက်အကျ မြန်နေတာကြောင့် ငွေလဲလုပ်ငန်းကို ယာယီရပ်နားထားရတယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ငွေဈေးတော်တော်မငြိမ်နေလို့ ငွေလဲပေးတာ ခဏနားထားရတယ်။ တစ်ရက်တည်းတင် ဈေးက အမျိုးမျိုး ပြောင်းနေတယ်”

ဒေါ်လာဈေး ရုတ်တရက်မြင့်တက်လာရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မသိရသေးပါဘူး။

ဒါပေမဲ့ ဘတ်ဂျက်လိုငွေပြမှုနဲ့ ပြည်တွင်းနိုင်ငံခြားငွေရှားပါးမှုတွေဟာ ကျပ်ငွေတန်ဖိုး ကျဆင်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဘတ်ဂျက်လိုငွေက ပြောရရင် အမြဲတမ်း ဒေါ်လာလိုနေတာပေါ့။ အဖက်ဖက်မှာက ပြည်တွင်းကို ပြန်ပို့တဲ့ ငွေစီးဆင်းမှုတွေကလည်း လူတိုင်းက လိုအပ်သလောက်ပဲ လွှဲကြတာဆိုတော့ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ဘတ်ဂျက်လိုငွေပြမှုက ထုတ်ပြောလာတဲ့အဆင့်အထိ ရောက်လာတာ။ အဓိကက ပြည်တွင်းမှာ နိုင်ငံခြားငွေပြတ်တောက်မှုရဲ့ အဓိကအကြောင်းရင်းက အဲဒါပဲ။ စစ်အုပ်ချုပ်ရေးယန္တရားကြီးက ဒေါ်လာမရှိတော့ ခေါင်းကိုက်တာပေါ့လေ။ မြန်မာငွေက တန်ဖိုးမရှိတာက အစောကြီးကတည်းက မရှိတာကို ထပ်ပြီးကျတဲ့ သဘောပေါ့”

တစ်ဖက်မှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အခွန်ကောက်ခံမှုနဲ့ အဆောက်အအုံ ဆောက်လုပ်ခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အိမ်ခြံမြေဈေးကွက်မှာ ဝယ်ယူသူနည်းလာပြီး ရင်းနှီးမြှုပ်နှံသူတချို့က ရွှေနဲ့ ဒေါ်လာဘက်ကို ပြောင်းလဲရင်းနှီးမြှုပ်နှံလာတာကလည်း ဒေါ်လာဈေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ရန်ကုန်မြို့က အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်ခြံမြေအရောင်းအဝယ်မှာ အာဏာပိုင်တွေက အခွန်ကိစ္စကို တအားကျပ်လာတယ်။ ရောင်းခွန်၊ ဝယ်ခွန်တွေကို ရောင်းသူ၊ ဝယ်သူ၊ ပွဲစားကအစ ပေးရတယ်။ အဲဒီနောက် ပြီးခဲ့တဲ့လကစပြီး ဝယ်သူက မရှိသလောက် ဖြစ်သွားတယ်။ ကန်ထရိုက်တိုက်ဆောက်တဲ့ကိစ္စတွေမှာလည်း စည်းကမ်းချက်အမျိုးမျိုးနဲ့ ဆောက်ခွင့်မရတာတွေ၊ The Central စီမံကိန်းလို ကိစ္စ ဂယက်တွေကြောင့် အိမ်ခြံမြေဘက်မှာ ဝယ်သူမရှိကြတော့ဘူး။ နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့်သူတွေကလည်း ရွှေနဲ့ ဒေါ်လာဘက်ကို လှည့်သွားကြပြီ။ ဒါတွေကြောင့်လည်း ပါမယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ခန့်အစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းဖို့ ဗဟိုဘဏ်ကနေ ကျပ် ၂ ဒသမ ၁ ထရီလီယံအထိ ချေးယူဖို့ လျာထားပေမဲ့ လစဉ် ငွေတိုက်လက်မှတ်နဲ့ ငွေတိုက်စာချုပ်တွေ ရောင်းချပြီးနောက် လိုငွေကျန်ရှိမှသာ ချေးယူမှာဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က လွှတ်တော်မှာ ရှင်းပြထားပါတယ်။

ဗဟိုဘဏ်ချေးငွေအပြင် ဘယ်လာရုစ်နိုင်ငံကနေ ပို့ကုန်ချေးငွေ ရယူဖို့ကိုလည်း စစ်တပ်ခန့်အစိုးရရဲ့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဲဒီချေးငွေတွေရဲ့ အတိုးနှုန်းဟာ ၂ ဒသမ ၂၅ ရာခိုင်နှုန်းကနေ ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိရှိပြီး ချေးငွေသက်တမ်းကို တစ်နှစ်ကနေ ငါးနှစ်အထိ သတ်မှတ်ထားပါတယ်။ ချေးငွေပမာဏအတိအကျကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ဇွန်လထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ နှစ်ရာခိုင်နှုန်း ကျုံ့သွားပြီး ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။