တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခြင်းမရှိတော့တဲ့ အဖွဲ့တွေ ပြန်လည်ပါဝင်ကြဖို့ အာဏာသိမ်းစစ်တပ်ခန့်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ကို ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ပယ်ချလိုက်ပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့တာပါ။
စစ်တပ်က အရပ်သားပြည်သူတွေကို နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒီဖိတ်ခေါ်မှုကို လက်ခံဖို့ ခက်ခဲတယ်လို့ CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကိုပြောပါတယ်။
“ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက ယခင် NCA ကာလက အခင်းအကျင်းနဲ့ မတူတော့ဘူး၊ နေ့စဉ်ရက်ဆက် ပြည်သူကို ဗုံးကြဲသတ်ဖြတ်၊ စစ်ရေးအရဖိအား ပေးပြီး သူလိုချင်တဲ့ ဘောင်ထဲ မရရအောင် ဆွဲသွင်းတဲ့ လုပ်ဆောင်မှုမျိုးက လက်ခံဖို့ တော်တော်ခက်တယ်”
စစ်တပ်အနေနဲ့ အနည်းဆုံး အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လေးစားလိုက်နာရင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို လက်ခံဖို့ လမ်းစဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့တို့ပါဝင်တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံက ၂၀၂၁ ခုနှစ် ဧပြီလမှာ ချမှတ်ခဲ့တာပါ။
မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း NCA ဟာ သေဆုံးသွားတဲ့ ရုပ်အလောင်းတစ်ခုပဲလို့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်ခန့်အစိုးရဟာ နိုင်ငံတကာကို မျက်လှည့်ပြဖို့ NCA ကို မရမက ပြန်အသက်သွင်းပြီး နိုင်ငံရေးလှည့်ကွက်အဖြစ်အသုံးချနေတာလို့လည်း ABSDF က ဝေဖန်ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ သဘောထားကို သိရဖို့ RFA က KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးကို ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်တုန်းကတော့ စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ နိုင်ငံနဲ့ ပြည်သူအပေါ် သဘောထားမမှန်တဲ့ ကမ်းလှမ်းချက်ဖြစ်တာကြောင့် KNU က လက်မခံကြောင်း ပဒိုစောကလယ်စေးက RFA ကို ပြောခဲ့ပါတယ်။
NCA စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ခန့်အစိုးနဲ့ ဆွေးနွေးပွဲတွေမှာ KNU၊ CNF နဲ့ ABSDF တို့ ပါဝင်ခြင်းမရှိတော့တာဖြစ်ပါတယ်။
