တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်မှာ စစ်တပ်က အင်အားရာနဲ့ချီပြီး စစ်ကြောင်းထိုးနေတာကြောင့် အောက်တိုဘာလ ၇ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျေးရွာ ၁၄ ရွာက ဒေသခံ ငါးထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့က သရက်ချောင်းမြို့နယ်အတွင်း မြိတ်-ထားဝယ်ကားလမ်း တစ်လျှောက်ကို စစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် ဝဲရစ်၊ လဘ၊ ပြင်းဖြူကြီး၊ ရငဲ၊ သိမ်ကုန်း၊ ကမြိုင်၊ ပိတိုင်၊ စုံစင်ဖျားနဲ့ ကတွဲ စတဲ့ ကျေးရွာတွေက ဒေသခံလေးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ မြိတ်မြို့နယ်က ဘန်မဲနဲ့ သကန်ရွာတို့ကို စစ်တပ် စစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် သကန်ရွာမှာ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တပ်စွဲထားတာကြောင့် ဒေသခံ တစ်ထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းက နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ဒေသခံတွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်နေသလို သကန်ရွာအတွင်းကနေ အပြင်ဘက်ကိုလည်း ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တပ်စစ်ကြောင်းက ရေရှည်တပ်စွဲမလား၊ ဒါမှမဟုတ် တောင်ပုဘက်ကိုပဲ ပြန်ခေါက်မလားတော့ မသိသေးဘူး။ အခြေအနေက စောင့်ကြည့်နေတယ်။ သူတို့ဘက်ကတော့ သကန်ရွာထဲကနေ အပြင်ကို မဲမဲမြင်ရာ ပစ်ခတ်နေတာတွေရှိတယ်။ ဒီညနေအထိ သကန်မှာရှိနေသေးတယ်။ ဒီမနက်မှ မထွက်ရင်အနည်းဆုံး တစ်ပတ်ကျော်လောက်တော့ တပ်စွဲမယ်လို့ ခန့်မှန်းရတယ်”
ဒေသခံတွေဟာ အရေးပေါ်ထွက်ပြေးခဲ့ရတာကြောင့် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ မသယ်နိုင်ခဲ့တဲ့အတွက် စားဝတ်နေရေးခက်ခဲနေတယ်လို့လည်း သူက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရသူအများစုဟာ စိုက်ပျိုးရေးနဲ့ တောင်ယာလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြသူတွေဖြစ်ပြီး လက်ရှိမှာ နီးစပ်ရာကျေးရွာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ယာယီခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့နယ်က အခုစစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးများပြီး ရေကြီးရေလျှံတာနဲ့ တောင်ပြိုကျတာတွေကြောင့် နေအိမ် သုံးဆယ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သား ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရရဲ့ တိုင်းပြောခွင့်ရသူ ဦးသက်နိုင်ကို RFAက တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ နှစ်လယ်အစီအရင်ခံစာအရ ၂၀၂၆ ဇွန်လအကုန်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးသန်းနီးပါးရှိနေပါတယ်။
