သရက်ချောင်းမှာ စစ်ရေးတင်းမာမှုကြောင့် ရေဘေးကယ်ဆယ်ရေးခက်ခဲနေ

စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေရှိနေ။

ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ကြုံနေရတဲ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲက နေရာတချို့မှာ လတ်တလော စစ်တပ်က လေကြောင်းတိုက်ခိုက်နေတာကြောင့် ရေဘေးသင့်ရွာတွေဆီ သွားရောက်ကူညီဖို့ အန္တရာယ်ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက အောက်တိုဘာလ ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေရှိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ သွားလာရာမှာ စိုးရိမ်နေရတယ်လို့ အဲဒီဒေသမှာ ကူညီကယ်ဆယ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မြေပြင်အထိ ရောက်တယ်။ ဒါပေမဲ့ လမ်းကြောင်းကတော့ သိပ်မအေးဘူး။ စစ်ကြောင်းလည်းရှိတယ်၊ ကာကွယ်ရေးအဖွဲ့တွေလည်းရှိတယ်။ အချိန်မရွေး ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုးတော့ရှိတယ်။ တားတာဆီးတာ မရှိပေမဲ့ ကူညီချင်သလို ကူညီလို့တော့ မရဘူး။ အခြေအနေအရလည်း အန္တရာယ်နည်းနည်းများနေတဲ့ သဘောပေါ့”

အောက်တိုဘာလ ၁ ရက်နေ့မှာ သရက်ချောင်းမြို့နယ်က ရေဘေးသင့်ရွာတွေဆီ သွားရာ အဓိကလမ်းဖြစ်တဲ့ မြိတ်-ထားဝယ်ကားလမ်းပေါ်က ပိတိုင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိပေမဲ့ ပိတိုင်ရွာ ဘုန်းကြီးကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။

ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းကိုလည်း RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အောက်တိုဘာလ ၃ ရက်နေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းကတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို စစ်ဆေးတာ၊ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တာမျိုး မရှိဘူးလို့ ဒေသတွင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

လက်ရှိမှာ သရက်ချောင်းမြို့နယ်က ရေဘေးသင့်ရွာတွေကို ကယ်ဆယ်ရေးအဖွဲ့တချို့ ပေးပို့ထားတဲ့ စားနပ်ရိက္ခာအကူအညီ အနည်းငယ်သာ ရောက်ပြီး လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ မြိတ်-ထားဝယ်ကားလမ်းပေါ် သရက်ချောင်းမြို့နဲ့ ပလောက်မြို့ကြားက ကညင်ချောင်းတံတားဟာ ရေဘေးကြောင့် ကျိုးကျပျက်စီးခဲ့ပြီး အောက်တိုဘာလ ၃ ရက်နေ့အထိ မပြင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ယာယီသံဘေလီတံတား တည်ဆောက်မယ့်အဖွဲ့တွေလည်း သရက်ချောင်းမြို့ပေါ်အထိသာ ရောက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ရဲ့ စာရင်းတွေအရ သရက်ချောင်းမြို့နယ်မှာ ရွာပေါင်း ၂၂ ရွာ မြေပြိုတာနဲ့ ရေကြီးရေလျှံတာတွေ ကြုံခဲ့ရပြီး လူ ရှစ်ဦး သေဆုံးခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်အပါအဝင် ထားဝယ်ခရိုင်တစ်ခုလုံးမှာတော့ ရွာပေါင်း ၆၄ ရွာထက်မနည်း ရေဘေးကြုံခဲ့ရပြီး လူပေါင်း ၄၁ ဦး သေဆုံးခဲ့တယ်လို့ TNF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။