အရာတော်မှာ ဗုံးကြဲခံရလို့ ကိုယ်ဝန်ဆောင်အပါအဝင် နှစ်ဦးသေဆုံး

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ယိုကော်ပရာ ၃ စီးနဲ့ ဗုံး သုံးလုံးကြဲချတိုက်ခိုက်ခဲ့တာဟုဆို။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကန်ရင်းရွာကို ဇူလိုင်လ ၁၄ ရက်နေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ရှစ်လသားအရွယ် သန္ဓေသားအပြင် နောက်ထပ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ညနေပိုင်းမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ယိုကော်ပရာ ၃ စီးနဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ ရွာမြောက်ပိုင်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောာင်မိခင်ကို အရေးပေါ် မီးဖွားပေးခဲ့ပေမဲ့ မအောင်မြင်ဘဲ ဝမ်းဗိုက်ထဲက ကလေးပါ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဘာညာမရှိဘူးပေါ့နော်။ ဘာမှမရှိတဲ့ အခြေအနေမျိုးမှာ ဒီအတိုင်းပဲ ဗုံးကြဲချသွားတာပေါ့။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ဗိုက်ထဲကလေးရော သေဆုံးတယ်။ အရေးပေါ်အခြေအနေ မွေးဖွားကြည့်ပေမဲ့ အဆင်မပြေခဲ့ဘူးပေါ့နော်။ နောက်ထပ် စားပွဲထိုး အမျိုးသားတစ်ဦးလည်း သေဆုံးသွားတယ်။ မိခင်ရော ဗိုက်ထဲက ကလေးရောဆိုရင် စုစုပေါင်း သုံးဦး ကျတာပေါ့”

အရာတော်မြို့နယ်ထဲ ဗုံးကြဲတိုက်ခိုက်တဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိခင်နဲ့ ဝမ်းဗိုက်ထဲက ၆ လသားအရွယ်ကလေး အပါအဝင် သူ့ရဲ့ ငါးနှစ်သမီး တစ်ဦးပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာလည်း ပဏ္ဍိကုန်းရွာထဲကို ဇွန်လ ၂၂ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၄၁ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နဲ့ ဝမ်းဗိုက်ထဲက ၇ သားအရွယ် အမွှာကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အမျိုးသမီး (၂,၂၂၅) ဦးနဲ့ ကလေး (၁,၀၈၇) ဦး သေဆုံးခဲ့ပါတယ်။