စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ် ချင်းတွင်းမြစ်ဘေးက မှန်ပင်ရွာကို ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းပြီး အမျိုးသမီးတချို့အပါအဝင် ဒေသခံလူငယ်၊ လူလတ်ပိုင်း အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညပိုင်း ၉ နာရီလောက်မှာ အင်တာနက်၀ိုင်ဖိုင် စုသုံးနေတဲ့ နေရာက လူငယ်တွေ၊ ရွှေမျောလုပ်ကွက်တွေမှာ လုပ်ကိုင်သူတွေနဲ့ ရွာထဲက တခြားဒေသခံတွေ ဖမ်းခေါ်ခံရတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“၀ိုင်ဖိုင်သုံးနေတဲ့ လူငယ်တွေရယ် အဲဒီမှာ ရွှေမျောလူတွေလည်းပါတယ်။ ပြီးတော့ ရွာထဲတစ်ချို့လည်းပါတယ်။ လက်နက်ကိုင် သေနတ်တွေပြပြီးတော့မှ လာခေါ်သွားတာ ၃၀ ကျော်လောက် ရှိတယ်။ ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးဘူး”
ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံထားရသူ ၃၀ ကျော်ထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ ဖျားနာနေတဲ့ အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ပြန်လွတ်လာသူတွေ ပြောပြချက်အရ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် မျက်လုံးကို အဝတ်နဲ့စည်းနှောင်ထားတာကြောင့် ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ မှန်ပင်ရွာဟာ ခန္တီးမြို့ အထက်ပိုင်း ငါးမိုင်ခန့်အကွာမှာတည်ရှိပြီး ချင်းတွင်းမြစ်အတွင်း ရွှေမျောလုပ်ငန်းတွေ ရှိတဲ့ရွာဖြစ်ပါတယ်။ အဲဒီဒေသတစ်၀ိုက်မှာ မြန်မာစစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) နဲ့ အရှေ့နာဂကာကွယ်ရေးတပ်မတော် (ENDA) စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအရပ်သား ၃၀ ကျော်ကိုတော့ အရှေ့နာဂကာကွယ်ရေးတပ်မတော် (ENDA) က လူသစ်စုဆောင်းဖို့ ရည်ရွယ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောကြပြီး ဒီပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို ENDA ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ခန္တီးမြို့နယ်မှာ စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေရှိသလို တစ်ဖက်မှာလည်း ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အတင်းအကျပ်လူ သစ်စုဆောင်းတာတွေရှိတာလို့ ခန္တီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက မြန်မာစစ်တပ်တစ်ခုထဲမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့လိုရင် လိုသလိုခေါ်တယ် ကြားထဲမှာ နေတဲ့ပြည်သူတွေက မြို့ပေါ်မှာ(လူ)ဆွဲတယ်ဆိုတော့ တောထဲမှာ ရွှေမျောတွေမှာ သွားလုပ်ကြတယ် ဒါလည်း အဆွဲခံရတာပဲ”
ခန္တီးမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီမဟုတ်ဘဲ လမ်းမပေါ်၊ မြို့ဝင်ဂိတ်နဲ့ အိမ်တွေထဲအထိ အတင်းအဓမ္မဖမ်းဆီးတာတွေရှိနေတဲ့အကြောင်း ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပတဲ့ စစ်တပ်ခန့်အစိုးရရဲ့ ပြည်သူ့ လွှတ်တော်မှာ ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးမေးမြန်းတာတွေ ရှိခဲ့ပါတယ်။
ခန္တီးမြို့ပေါ်မှာရော ကျေးလက်ဒေသတွေမှာပါ လက်နက်ကိုင်တပ်တွေရဲ့ ဖမ်းဆီးမှုတွေရှိနေတာကြောင့် လူငယ်တွေ သွားလာနေထိုင်ရေးနဲ့ စားဝတ်နေရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
