မြန်မာမှာ အသေးစား နယူကလီယားစွမ်းအင်စက်ရုံဆောက်ဖို့ ရုရှားကုမ္ပဏီတရားဝင်ပြော

ရုရှားမြန်မာချစ်ကြည်ရေးသင်္ကေတသစ်ဖြစ်လာမယ်လို့ ရုရှားဝန်ကြီးချုပ်ပြော။

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း ရိုဆာတွန် (Rosatom) က မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံငယ်တစ်ခုကို ၂၀၂၇ မှာ စပြီးတည်ဆောက်မယ်လို့ ကုမ္ပဏီက ထုတ်ဝေတဲ့ သတင်းလွှာမှာ ပြောကြားလိုက်ပါတယ်။

ရိုဆာတွန် ညွှန်ကြားရေးမှူးချုပ် အလက်ဇေ လီခါချက် (Alexey Likhachev) က ၂၀၂၆ နှစ်မကုန်မီ ကနဦး စာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားတယ်လို့အတည်ပြုခဲ့ပြောကြားပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံကို အလည်အပတ်ရောက်လာတဲ့ စစ်တပ်ခန့် အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ၊ ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင် (Mikhail Mishustin ) တို့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွအပြီး အခုလို ရိုဆာတန်က ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။ ရုရှားဝန်ကြီးချုပ်က ဒါဟာ ရုရှားမြန်မာချစ်ကြည်ရေး သင်္ကေတ လို့ ပြောပါတယ်။

“ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အသေးစားနယူကလီယားသုံး စွမ်းအင်စက်ရုံကို တည်ဆောက်ပြီးစီးဖို့ သဘောတူထားပါတယ်။ ဒီစီမံကိန်းကြောင့် နှစ်နိုင်ငံအကြား ဆက်စပ်နေတဲ့ စွမ်းအင်နဲ့ သိပ္ပံကဏ္ဍတွေမှာ ပူးပေါင်း‌ဆောင်ရွက်ရေး တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရုရှားမြန်မာချစ်ကြည်ရေး သင်္ကေတသစ် ဖြစ်လာမှာပါ။”

ဒီစက်ရုံကနေ ကနဦး ၁၁၀ မီဂါဝပ်ရှိတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်မှာဖြစ်ပြီး မီဂါဝပ် ၃၃၀ အထိ တိုးချဲ့နိုင်မယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

ဒီလိုတည်ဆောက်မယ့် နေရာနဲ့အချိန်ကာလကို စစ်အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ မြန်မာ မီဒီယာတွေမှာ အသေးစိတ် တရားဝင် ကြေညာတာ မရှိသေးပေမယ့် နေပြည်တော်အရှေ့ဘက် ၃၁ မိုင်အကွာတရှိ ဇေယျာသီရိ မြို့နယ် ပေါင်းလောင်းဆည်အနီးမှာ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ဖော်ရေးသာခဲ့ဖူးပါတယ်။

မြန်မာစစ်ခေါင်းဆောင်အဆက်ဆက် ရုရှားနိုင်ငံကနေ နယူကလီယားစွမ်းအင် အသုံးပြုရေးကို ၂၀၀၀ ပြည့်နှစ်တွေကတည်းက သဘောတူခဲ့တာဖြစ်ပြီး ၂၀၂၃ မှာ တစ်ကြီမ်၊ ၂၀၂၅ မှာ တစ်ကြိမ် နောက်ဆက်တွဲ သဘောတူစာချူပ်တွေ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ရုရှားက အခုလို မြန်မာစစ်အာဏာပိုင်တွေကို ပူး‌ပေါင်းပြီး တရားဝင်မှုနဲ့ စစ်အာဏာတည်မြဲရေး ‌ထောက်ခံ အားပေးတာကို Fortify Rights နဲ့ တခြား လူ့အခွင့်အရေးအဖွဲ့တွေက ရုရှားအစိုးရနဲ့ ရိုဆာတွန် ကုမ္ပဏီကိုပါ ဝေဖန်ရှုံ့ချထားပါတယ်။

မြန်မာစစ်တပ်နဲ့ နယူကလီယားပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုတွေကို အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက လည်း စိုးရိမ်ပူပန်ကြောင်း အရင်က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။