မဲပေးခွင့်ရှိသူ ၃၃ သန်းခွဲခန့် ရှိကြောင်း ရွေးကောက်ပွဲကော်မ ရှင်ပြောကြား
2015.10.01
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံတဝှမ်း မဲပေးပိုင်ခွင့်ရှိသူ စာရင်းဟာ ၃၃ ဒသမ ၅သန်းခန့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်ကြသူတွေအနေနဲ့ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း အထောက်အထားနဲ့ ထပ်တင်ပြလာမယ့် စာရင်းတွေအရဆိုရင်လည်း နောက်ထပ်မဲပေးနိုင်သူဦးရေဟာ သိပ်အပြောင်းအလဲရှိမှာ မဟုတ်တော့ဘူးလို့ ဦးသောင်းလှိုင်က ပြောပါတယ်။
"လက်ရှိတော့ ၃၃.၅ သန်း ၃-က အရပေါ့ဗျာ၊ ၃-က ဆိုတာ ရက်ပေါင်း ၁၈ဝ နဲ့အထက် မဲဆန္ဒရှင်တွေရှိနိုင်တယ်၊ သူတို့က အကြောင်းကြောင်းကြောင့် ဝင်လာရင် များရင်လည်းတိုးလာနိုင်တယ်၊ တခါပြည်ဖျက်ရင်လည်း လျော့ သွားနိုင်တယ်၊ ဒီအပေါ်မှာတော့ စာရင်းသဘောအရ အနုတ်အပေါင်းရှိမယ်၊ ဒါပေမဲ့ အများကြီးပြောင်းလဲစရာ မရှိဘူး"
မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ထုတ်ပြန်ခဲ့ပေမယ့် တချို့နေရာတွေမှာ ရေဘေးဒဏ်နဲ့ နယ်မြေလုံခြုံမှု အခြေအနေအရ မဲစာရင်းကြည့်ရှုခွင့်ရက်ကို ထပ်တိုးထားတာရှိတဲ့ အတွက် လက်ရှိမှာ မဲစာရင်းမှားယွင်းမှု ဘယ်လောက်ရှိတယ်ဆိုတာကို စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတဝှမ်း မဲစာရင်းမှားယွင်းမှုတွေကို ပြင်ဆင်ပြီးတဲ့နောက် လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ မတိုင်ခင် သီတင်း တစ်ပတ်အလိုမှာ မဲစာရင်းတွေကို အပြီးသတ်ထုတ်ပြန်ကြေညာသွားမယ်လို့ ဦးသောင်းလှိုင်က ပြောပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။