မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အပါအဝင် ခုနစ်ဦး စစ်ဆေးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် စစ်တပ်အရာရှိခြောက်ဦးနဲ့ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦး ကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ မပခတိုင်းမှူးအပြင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဖားကန့်တပ်မမှူး၊ နောက်ထပ် စစ်ဘက်အရာရှိ နှစ်ဦးနဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုး ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦး ပါဝင်ပါတယ်။

စစ်ကောင်စီတပ်အရာရှိ ခြောက်ဦးကို ဇူလိုင်လ ၁၄ ရက်ကစလို့ နေပြည်တော်ကို ခေါ်ဆောင်စစ်ဆေးနေပြီး ကျောက်စိမ်းလုပ်ငန်းရှင်ကိုတော့ ဇူလိုင်လ ၁၅ ရက် နေ့လယ် ပိုင်းက မြစ်ကြီးနားလေဆိပ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးမှုခံယူနေရသူ ခုနစ်ဦးဟာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိနေသူ တွေလို့ ဖားကန့်က စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ အခုခေါ်စစ်နေတဲ့ကိစ္စဟာ မပခတိုင်းမှူးခွင့်ပြုချက်နဲ့ ကံပိုင်တည်မြို့မှာ ယမ်းသယ်လာတဲ့ ကားကို ဖမ်းမိတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

"ကံပိုင်တည်ကနေ ယမ်းတွေ သယ်လာတဲ့ ကားကို ဖမ်းမိတယ်။ ဒီယမ်းတွေ ဘယ်က ရသလဲဆိုတာ စစ်ကြည့်တော့ ဗိုလ်ချုပ်ကိုကိုမောင် ခွင့်ပြုချက်နဲ့။ ဖမ်းခံထားရတဲ့ ဖားကန့်က စီးပွားရေးလုပ်ငန်းရှင်က ကျောက်တူးဖို့ဆိုပြီး သယ်တာ။ ဒါပေမဲ့ အဲဒီ ယမ်းတွေက တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်း လက်ထဲ ရောက်နေတယ်ဆိုပြီး အကုန်လုံးကို တသီကြီး ခေါ်စစ်တာလို့ သိထားပါတယ်။ အဓိကတော့ စီးပွားရေး လုပ်ငန်းရှင်အချင်းချင်း မတည့်တော့ ချောက်ချပြီး နေပြည်တော်ထိ လှမ်းတိုင်ရင်း ဖြစ်ကြတာပါ"

ဒီယမ်းတွေဟာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံနေသူတွေဆီရောက်ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတာလို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။

မြန်မာ- တရုတ်နယ်စပ် ကံပိုင်တည်ဂိတ်ကိုဖြတ်ပြီး ဖားကန့်ကို တန်နဲ့ချီတဲ့ယမ်းတွေကို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခေါင်းစဉ်အောက်ကနေ စီးပွားရေးလုပ်ငန်းရှင်က ဝယ်ယူသယ်ဆောင်နေတာလို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း ထွန်း နဲ့ ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ဗိုလ်ချုပ်ကိုကိုမောင်ဟာ ၂၀၂၂ခုနှစ် ဩဂုတ်လမှာ မပခတိုင်းမှူး ဗိုလ်ချုပ်မြသက်ဦးနေရာ မှာ အစားထိုး ဝင်ရောက်လာတာဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မရောက်ခင် အရှေ့တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဗိုလ်ချုပ်ကိုကိုမောင် ပြောင်းရွှေ့လာပြီး နှစ်လအကြာ ဖားကန့်မြို့မှာ အနန့်ပါ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး KIA အမှုထမ်းတွေ၊ ကချင် အနုပညာရှင်တွေနဲ့ ဒေသခံ ၁၀၀ နီးပါး သေဆုံးခဲ့ပါတယ်။