ရှစ်လေးလုံးပြည်သူ့ပါတီ နာမည်ကို ကန့်ကွက်
2018.05.19

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ရှစ်လေးလုံးပြည်သူ့ပါတီ နာမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် တောင်းခံထား တာကို ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်တွင်းပြည်ပရောက် ၈၈ မျိုးဆက်တွေက ကန့်ကွက်ကြောင်း ဒီနေ့ ရန်ကုန်မြို့က မြန်မာသတင်းမီဒီယာကွန်ယက် MJN မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံဟာ အများနဲ့သက်ဆိုင်တာကြောင့် ပါတီတစ်ခုက အသုံးပြုတာကို အသိအမှတ်မပြုနိုင်တဲ့ အတွက် ကန့်ကွက်တာလို့ ဦးရေချမ်းက ပြောပါတယ်။
"ကျနော်တို့ ဒီနာမည်ကို တစ်ဦး တစ်ယောက် တစ်ဖွဲ့၊ အဓိကကတော့ နိုင်ငံရေးပါတီလိုမျိုးပေါ့၊ အာဏာရရှိရေးအတွက် လုပ်တဲ့နေရာမှာ မသုံးစေချင်ဘူး။ ဒီအတွက်ကို ကန့်ကွက်တာ။ ကြိုက်တဲ့နာမည်တွေ လုပ်လို့ရတယ်။ အများကြီးရှိတယ်။ လူမှုရေးအသင်းတွေလည်း ၈၈ တွေ အများကြီးရှိပါတယ်။ အဲလိုမျိုး လူမှုရေးအနေနဲ့သုံး လက်ခံတယ်။ ဒီနာမည်ကို ပါတီ နိုင်ငံရေးပုံစံနဲ့ကို ကျနော်တို့က လုံးဝလက်မခံဘူး။ ကြိုက်တဲ့နာမည် ပေးလို့ရပါတယ်။ ဒီဟာလေးတော့ ကျနော်တို့ အားလုံးရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ဒီနာမည်လေး မသုံးစေချင်တဲ့ သဘောပဲ။ သူ့ဘာသူ ပါတီထောင်လည်း ကျနော်တို့ ကန့်ကွက်ခွင့်မရှိဘူး"
ရှစ်လေးလုံးပါတီနာမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့အချိန်ကတည်းက လူဦးရေ ၅ဝဝ ရဲ့ လက်မှတ်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်ကြောင်း ပေးပို့ထားပြီးဖြစ် တယ်လို့လည်း သိရပါတယ်။ အခုချိန်မှာ ရှစ်လေးလုံးပြည်သူ့ပါတီ နာမည်နဲ့ အမည်ပြောင်းလဲလျှောက်ထားမှုကို လည်း လက်မခံနိုင်ကြောင်း လာမယ့် မေလ ၂၁ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ထံ စာထပ်မံပေးပို့သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေထဲက ဦးကိုကိုကြီး ဦးဆောင်တဲ့အဖွဲ့ဟာ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းပြီး ပါတီတစ်ခုတည်ထောင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ရှစ်လေးလုံးပြည်သူ့ပါတီနာမည်နဲ့ ရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြုထားပြီဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်၊ ဒုခေါင်းဆောင်အမည်နဲ့ ပါတီအလံ၊ အမှတ်တံဆိပ်တွေကို ကော်မရှင်ထံ တင်ထားပြီးဖြစ်ပါတယ်။ အဲဒီပါတီနာမည်၊ အလံနဲ့ အမှတ်တံဆိပ်တွေကို ကန့်ကွက်လိုသူရှိရင် ကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲကော် မရှင်ထံ ကြေညာထားပါတယ်။