NLD အမတ် လွတ်မြောက်ရေးကူညီပေးဖို့ UWSA ထံ မိသားစု အကူအညီတောင်း

ကျော်လွင်ဦး
2019.12.29
hwaetinn-chin-mp-622 အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို လွှတ်တော်မှာတွေ့ရစဉ်
Photo: Pyidaungsu Hluttaw

ရက္ခိုင့်တပ်တော် AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် အကူအညီပေးဖို့ ဝ လက်နက်ကိုင်အဖွဲ့ UWSA အဖွဲ့ထံ မိသားစုဝင်တွေက စာပို့အကူအညီတောင်းခံလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးထိန်းသိမ်းခံထားရတာ နှစ်လနီးပါး ရှိနေပြီဖြစ်ပါတယ်။

ဦးဝှေ့တင်း လွတ်မြောက်ဖို့အတွက် မိသားစုဝင်တွေက ဝ လက်နက်ကိုင်အဖွဲ့ UWSA ထံ အကူအညီတောင်း ထားပါတယ်။

AA အဖွဲ့ ဖမ်းဆီးထားတဲ့အထဲက ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ ထိန်းသိမ်းခံထားရစဉ်မှာ သေဆုံးခဲ့တာကြောင့် ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက စိုးရိမ်နေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုလားနေကြတာပါ။

ဦးဝှေ့တင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးဆင့် က UWSA ဟာ AA နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်လို့ အခုလို အကူအညီတောင်းတာလို့ ပြောပါတယ်။

“စာထဲမှာတော့ သူပြန်လည်လွတ်ပေးဖို့ အကြောင်းတွေပါပဲ၊ AA နဲ့ ဝ ကျတော့ မဟာမိတ်တွေလေ၊ ပြီးလို့ရှိရင် အများသောအားဖြင့် AA စစ်ဦးစီးချုပ်တွေက ဝနဲ့ တအားမဟာမိတ်ဖြစ်တယ်လေ၊ သူတို့က ဝ ကိုစံထားတယ်၊ အဲကြောင့်မို့ အဆင်ပြေမယ်ထင်လို့ အကူညီတောင်းကြည့်တာပါ”

ဦးဝှေ့တင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလ သုံးရက်နေ့က ပလက်ဝမြို့နယ်ကနေ နေပြည်တော်အပြန် ချင်းပြည်နယ်နဲ့ ရခိုပြည်နယ်အစပ်မှာ ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူနဲ့အတူ အိန္ဒိယနိုင်ငံသားတွေလည်း ဖမ်းဆီးခံခဲ့ရပေမယ့် သူတို့ကတော့ ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်ခဲ့တာပါ။

ဝ တပ်ဖွဲ့ လာရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဦးဝှေ့တင်း မိသားစုရဲ့ အကူအညီတောင်းထားတဲ့ စာရရှိကြောင်းနဲ့ ဌာနချုပ်ကို အကြောင်းကြားတယ်လို့ ပြောပါတယ်။

“သူတို့မိသားစုကနေ ကျနော်တို့ ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC အဖွဲ့ကိုလိပ်မှုပြီး စာတစ်စောင် ပို့ထားပါတယ်၊ ကျနော်လည်း ဌာနချုပ်ကို ဆက်ပြီး သတင်းပို့ထားပါတယ်၊ လောလောဆယ် ဌာနချုပ်ကတော့ ဘာမှ အကြောင်းပြန်ကြားတာတော့ မရှိသေးဘူး”

ပြီးခဲ့တဲ့ သြဂုတ်လက နမ့်ခမ်းမြို့မှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်ဟာ TNLA အဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်ရေးအတွက် UWSA ဦးဆောင်တဲ့ FPNCC အဖွဲ့ရဲ့ ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးတာကြောင့် ပြန်လည်လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

FPNCC အဖွဲ့ကို "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA၊ ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ မိုင်းလားတပ်မတော် NDAA တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့

“အဲဒီစာကိစ္စ ကျနော်လည်း ဘာမှမသိသေးဘူး၊ ကျတော်တို့ဆီကို အဲလိုမျိုးစာတွေ၊ အကြောင်းကြားတွေ ဘာတွေ မရှိသေးဘူး”

ဦးဝှေ့တင်း လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး မိသားစုဝင်တွေရဲ့ အခုလို ကြိုးပမ်းမှုကို ထောက်ခံတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတေရက ပြောပါတယ်။

“ကြိုဆိုတာပေါ့၊ အားလည်းပေးတာပေါ့နော်၊ တကယ်ဆို သူရဲ့ခံစားချက်ကို ကိုယ်ချင်းလည်းစာတယ်၊ ဖြစ်နိုင်လို့ရှိရင် သူတောင်းဆိုချက် အောင်မြင်ပါစေ”

ချင်းအရပ်ဖက်အဖွဲ့တွေ၊ နိုင်ငံတကာရောက် ချင်းအဖွဲ့တွေ၊ ချင်းဘာသာရေး ခေါင်းဆောင်တွေတွေကလည်း ဦးဝှေ့တင်း လွတ်မြောက်ရေးအတွက် ကြေညာချက်ထုတ်ပြန် တောင်းဆိုတာ၊ မေတ္တာရပ်ခံတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

AA ဖမ်းဆီးထိန်းသိမ်းထားတဲ့အထဲမှာ ချင်းပြည်နယ်အတွင်းက ဦးဝှေ့တင်အပြင် ဒေသခံတွေလည်း ကျန်နေသေးတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က ဒီကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

“ပြည်ထောင်စုကို တင်ပြထားတာကလွဲပြီး ကျန်တာတော့ ပြည်နယ်အစိုးရအနေနဲ့ လုပ်ဖို့ကုန်သွားပြီ၊ မြေပြင်မှာက ဘယ်လို့မှ ညှိနှိုင်းလို့မရဘူး၊ တိုက်ပွဲဖြစ်နေတဲ့ဧရိယာဖြစ်နေတဲ့အတွက် အုပ်ချုပ်မှုစနစ်က အကုန်ပျက်ယွင်းနေတာကို၊ မြေပြင်မှာလှုပ်ရှားနေတာဆိုလို့ တပ်မတော်ပဲရှိတယ်၊ တပ်မတော်ကလွဲပြီး ကျန်တဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဆိုတာ နယ်ကိုလည်း မဆင်းနိုင်ဘူး၊ မြို့ထဲမှာတောင် လုံခြုံမှု မရှိပဲဖြစ်နေတာကို”

AA အဖွဲ့ဟာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ တစ်နှစ်ကာလအတွင်း ဦးဝှေ့တင်းအပြင် တပ်မတော်သား ခြောက်ယောက်၊ ရဲတပ်ဖွဲ့ဝင် ကိုးယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး အပါအဝင် လဝက အရာရှိ သုံးယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

အဲဒီလိုဖမ်းဆီးထိန်းသိမ်းထားတဲ့အထဲက စစ်ဘက်နဲ့မသက်ဆိုင်တဲ့ အရပ်သားနှစ်ဦးကို မနေ့က လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဦးဇင်အောင်နဲ့ မောင်သိန်းလင်းထွန်းတို့ နှစ်ဦးကို မတ်လအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ တပ်မတော်ရဲ့ ယာယီဗျူဟာကုန်းအနီးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ AA ထုတ်ပြန်ချက်အရ သိရပါတယ်။

သူတို့နှစ်ဦးကို မနေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် လက်ပံကိုင်းကျေးရွာ ရပ်မိရပ်ဖတွေထံ လွှဲပြောင်းပေးခဲ့ တာလို့ ဆိုပါတယ်။

အဲဒီလိုပြန်လွှတ်ပေးတာဟာ ငါးကြိမ်မြောက်ဖြစ်ပြီး ပထမကြိမ်က ကိုးဦး၊ ဒုတိယအကြိမ်က ၁၂ ဦး၊ တတိယ အကြိမ်မှာ ၂၅ ဦးနဲ့ စတုတ္ထအကြိမ်မှာ ၁၈ ဦး စုစုပေါင်း ၆၉ ဦးကို လွှတ်ပေးထားပြီးဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

လက်ရှိ AA ဖမ်းဆီးထားသူ အရေအတွက် ဘယ်လောက်ကျန်တယ်ဆိုတာ မသိရသေးပေမယ့် စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားတာ မရှိတော့ဘူးလို့ ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။