ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အကျဉ်းကျနေ တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF နဲ့ အရပ်ဖက် လူမှုရေး အဖွဲ့အစည်းနှစ်ဖွဲ့ ပူးပေါင်းပြီး အင်းစိန်ထောင်ရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
အကျဉ်းကျနေတဲ့ MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ရဲ့ ဇနီးဖြစ်သူ မသန်းသန်းမော်က ခင်ပွန်းဖြစ်သူကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးစေလိုကြောင်း ပြောပါတယ်။
"အဓိကကတော့ ကိုထင်ကျော်ဟာ အတွင်းမှာရတဲ့ သတင်းအချက်လက်တွေအရ အင်းစိန်ထောင်မှာ ကျနေတဲ့ အကျဉ်းသားတွေအားလုံးဟာ စနစ်ကြောင့်ပေါ့နော် တရားရေးညီမျှစွာမရဘူး၊ ဒါကြောင့် အားလုံးပါတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တောင်းဖို့လိုတယ်ဆိုပြီး ကိုထင်ကျော်က ညွှန်ကြားတဲ့အတွက်ကြောင့်မို့ အဖွဲ့အစည်းအားလုံးရော၊ တချို့ရိုးရိုးအကျဉ်းသားတွေရဲ့ ပြည်သူတွေပါ အားလုံးဖိတ်ခေါ်ပြီးတော့လုပ်ဖြစ်တာပါ"
ဆန္ဒပြသူ ၃၀ လောက်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နဲ့ ဖမ်းဆီးတာတွေမလုပ်ဖို့ တောင်းဆိုကြပါတယ်။ ဆန္ဒပြပွဲမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းနဲ့ မျိုးဆက်သစ်လူငယ်များ Generation Wave အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။