တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ China-Myanmar Economic Corridor (CMEC) အောက်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မန္တလေး-မူဆယ်ရထားလမ်း စီမံကိန်းတွေကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ သဘောတူခဲ့တယ်လို့ ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ်-မြန်မာ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ခန့်အစိုးရတစ်စုထဲက သဘောတူရုံနဲ့ စီမံကိန်းတွေ ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။
“တရုတ်အနေနဲ့ နားလည်ထားသင့်တာက မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေး အောင်မြင်မှသာ တည်ငြိမ်မှု ရနိုင်မယ်ဆိုတာပါပဲ။ အာဏာသိမ်းစစ်တပ် ရှိနေသရွေ့ ငြိမ်းချမ်းမှာမဟုတ်ဘူး၊ အကြမ်းဖက်မှုတွေပဲ ဆက်ဖြစ်နေမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးနဲ့ စီးပွားရေးကိုပါ ထိခိုက်နိုင်မယ်ဆိုတာ၊ ပြီးတော့ တရုတ်-မြန်မာသဘောတူထားတဲ့ စီမံကိန်းနေရာတချို့က NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်းရှိတော့ သူတို့ရဲ့ သဘောတူညီချက်တွေမပါဘဲ စီမံကိန်းတွေ ဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး”
အခုလို သဘောတူညီချက်တွေ လက်တွေ့အကောင်အထည်ပေါ်ဖို့ဆိုတာက မြန်မာပြည် နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေပေါ်မှာ မူတည်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ (BRI) အစီအစဉ်အောက်က အဓိကစီမံကိန်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်းကတော့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ချိတ်ဆက်မယ့် အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။
ဇွန်လ ၁၇ ရက်နေ့ထုတ် ကြေညာချက်အရ နှစ်နိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကို မြှင့်တင်သွားမှာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မန္တလေး-မူဆယ်ရထားလမ်းလို အဓိကစင်္ကြံစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစီမံကိန်းတွေကို အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ စီးပွားရေးအရ ဖြစ်မြောက်နိုင်စွမ်းရှိမှုနဲ့ ဘဏ္ဍာရေးအရ ရေရှည်တည်တံ့နိုင်မှုစတဲ့ အခြေခံမူတွေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို ဆက်လက် အသုံးချသွားမှာ ဖြစ်သလို လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်ရေးနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်သွားဖို့ သဘောတူခဲ့ပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို ၂၀၁၇ ခုနှစ် မေလ၊ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပတဲ့ Belt and Road Forum အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အဲဒီလက်မှတ်ရေးထိုးပွဲမှာ မြန်မာဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန် တက်ရောက်လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အဲဒီကနေစပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို တရုတ်ရဲ့ Belt and Road Initiative (BRI) အောက်က မြန်မာနိုင်ငံမှာ အဓိက စီးပွားရေးစင်္ကြံစီမံကိန်းတစ်ခုအဖြစ် တရားဝင် စတင်ခဲ့တာဖြစ်ပါတယ်။
