မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဇွန်လ ၁၇ ရက်နေ့မှာ မြဇီးတောရွာကို မီးရှို့ခဲ့တာကြောင့် သာသနိကအဆောက်အအုံအပါအဝင် နေအိမ် နှစ်ဆယ်ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြိုင်မြို့နယ်ထဲက ပျူစောထီးလက်နက်ကိုင်တွေ အားကောင်းတဲ့ ကျေးရွာတွေကို စစ်တပ်က ရိက္ခာ ထောက်ပံ့ရင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မီးရှို့နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြိုင်တောင်ပိုင်းမှာ စစ်ကြောင်း ရောက်နေတာလေ။ အဲဒီစစ်ကြောင်းက မီးရှို့တာ။ စစ်ကြောင်းတွေက တွင်းမရွာဘက်မှာ တစ်ကြောင်း၊ နှမ်းဆီကန်ရွာ နဲ့ မြေရင်းရွာဘက်တွေမှာ တစ်ကြောင်းစီ ရောက်ရှိနေတယ်ဗျ။”
ရွာဦးဘုန်းကြီးကျောင်း ဇရပ်နှစ်ဆောင်၊ လူနေအိမ်တွေ၊ ဆိုင်ကယ် ၁၇ စီး၊ လယ်ယာသုံးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ဆုံးရှုံးခဲ့တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာ ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁)က ထွက်လာတဲ့ စစ်အင်အား ၅၀၀ ခန့် နဲ့ ကားအစီး ၂၀ ဟာ ကမ္မမြို့ကို ဝင်ရောက်ပြီးနောက် မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
စစ်တပ် စစ်ကြောင်းနဲ့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပခုက္ကူခရိုင်ထဲက မြိုင်၊ ပေါက် မြို့နယ်တွေမှာ စစ်ရေးအခြေအနေ တင်းမာနေပြီး မြစ်ခြေမြို့ကိုလည်း စစ်တပ်က မေလ ၁၀ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ် နဲ့ အဆောက်အအုံ တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၂၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။
