မကွေးတိုင်း၊ ကမ္မမြို့ဘက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဇွန်လ ၁၄ ရက် နေ့အထိ လူသောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေက ကမ္မမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက လူတွေအပါအဝင် မြစ်ခြေမြို့ ဘက်ကနေ ရှောင်တိမ်းလာတဲ့ လူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာက လာတဲ့ အင်အား သုံးရာခန့် စစ်ကြောင်းက ဇွန်လ ၁၃ ရက် နေ့မှာ ကမ္မမြို့နယ် ရဲစခန်းထဲကို ဝင်ရောက် နေရာယူထားတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကမ္မမြို့ပေါ်က အများစုဟာ နီးစပ်ရာ ပေါက်မြို့နယ် နဲ့ ပခုက္ကူမြို့ဘက်တွေကို ရှောင်နေကြ ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အကုန်လုံးက မြစ်ခြေဘက်ကနေ ကမ္မကို လာရှောင်သူတွေရော၊ ကမ္မမြို့ပေါ်က လူတွေရော ရှောင်တိမ်းနေကြတယ်။ စစ်ကြောင်းက ထပ်ရောက်လာတော့ ပေါက်နယ်ဘက်အထိကို ရှောင်နေရတယ်။”
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က မြစ်ခြေမြို့ရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က ညောင်ဦးဘက်ကနေ စက်လှေတွေနဲ့ မြစ်တစ်ဖက်ကမ်း မြစ်ခြေ - ကျွန်းချောင်း ဘက်ကို စစ်ကြောင်းထိုးလာသလို ပခုက္ကူဘက်နေလည်း စစ်ကြောင်းတွေ ထိုးနေတာလို့ ပြောပါတယ်။
ပုဂံမြို့တစ်ဖက်ကမ်း မြစ်ခြေမြို့ကို စစ်တပ်က မေလ ၁၀ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ် နဲ့ အဆောက်အဦး တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၂၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့လည်း NUG က ဖော်ပြထားပါတယ်။
အဲဒါကြောင် ကမ္မမြို့ကိုလည်း မြစ်ခြေလို စစ်တပ်က သတ်ဖြတ်မီးရှို့လာမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီ ဇွန်လအတွင်းမှာ ပေါက်မြို့နယ်မှာရှိတဲ့ ရေပြာရဲစခန်းနဲ့ ကုက္ကိုလ်စုရွာမှာရှိတဲ့ ပျူစောထီးစခန်း နဲ့ မြစ်ခြေရဲစခန်းတွေကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် ပခုက္ကူခရိုင်မှာ စစ်ရေးအခြေအနေက တင်းမာနေတယ်လို့ ပြောပါတယ်။
