ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့် ရိုက်နှက် ညှဉ်းပန်းခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက RFA ကို ဇူလိုင်လ ၇ နေ့က ပြောပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာ အင်းစိန်ထောင်အတွင်း တရားဝင်ကျင်းပတဲ့ ဘောလုံးပွဲကို ကြည့်ပြီး အဆောင်ကိုပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းဦးစီးဝန်ထမ်းဖြစ်တဲ့ အမျိုးသားဆောင် အဆောင်(၁)က ဦးအောင်ကျော်ဆင့်က ရိုက်နှက်တာလို့ PPNM ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက RFA ကိုပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတစ်ဦးက ဘောလုံးပွဲဟာ ထောင်တွင်းမှာ တရားဝင်ကျင်းပတဲ့ ပွဲဖြစ်တာကြောင့် သွားကြည့်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အကျဉ်းဦးစီးဝန်ထမ်းဖြစ်တဲ့ အောင်ကျော်ဆင့်က လက်မခံဘဲ ရာဘာတုတ်နဲ့ မျက်နှာ၊ ဦးခေါင်းနဲ့ လည်ပင်းတွေကို ရိုက်နှက်ခဲ့တာပါ။ အဲဒီအချိန် နောက်ထပ် အကျဉ်းသားတစ်ဦးကိုလည်း သူ့ ပြန်ကြည့်ရကောင်းလားဆိုပြီး ထပ် ရိုက်နှက်ခဲ့သလို၊ အတူပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မြေပြင်ပေါ်မှာ မှောက်ခိုင်းပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာတွေ ဖိနပ်နဲ့ ကျောပေါ်တက်နင်းတာတွေ လုပ်ခဲ့ပါတယ်”
ရိုက်နှက်ခံရသူတွေဟာ ထောင်တွင်းစည်းကမ်းဖောက်ဖျက်မှု တစ်စုံတစ်ရာ ကျူးလွန်ထားသူတွေ မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တာကြောင့် အခုလို ပစ်မှတ်ထားညှဉ်းပန်းခံရတာလို့ ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် အကျဉ်းသားတချို့မှာ မျက်နှာနဲ့ ဦးခေါင်းပိုင်း ဒဏ်ရာပြင်းထန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်တာခံခဲ့ရတာကြောင့် အိပ်ရာကနေ မထနိုင်တဲ့အထိ အခြေအနေဆိုးရွားနေတယ်လို့ PPNM က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို၊ အကျဉ်းထောင်အာဏာပိုင်ဘက်ကလည်း တုံ့ပြန်ချက်မရသေးပါဘူး။
စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်တိုင်း၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရိုက်နှက်ညှဉ်းပန်းမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ PPNM ကပြောပါတယ်။
