ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် သုဇိတာ ၁၃ လမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် တစ်ရာကျော်ကို ကျူးကျော်ဆိုတဲ့သတ်မှတ်ချက်နဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ဖယ်ရှားလိုက်တဲ့အတွက် လူဦးရေ ၄၀၀ ကျော် နေရေးထိုင်ရေးခက်ခဲသွားတယ်လို့ အိမ်ဖျက်ခံရတဲ့သူတွေက RFA ကိုပြောပါတယ်။
အဲဒီအိမ်တွေကို ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီးဖယ်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇွန်လ ၁၂ ရက်မှာ အမိန့်စာပေးပို့ခဲ့တာပါ။ အဲဒီအိမ်တွေဟာ အများပြည်သူဆိုင်ရာချောင်းမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာလို့ဆိုပေမယ့် ဂရန်ပေါက်ပြီးသားအိမ်တွေလည်းပါနေပါတယ်။
လုံခြုံရေးအရ ဒေါ်သန်းရီ လို့ အမည်လွှဲထားတဲ့အမျိုးသမီးက သူ့အိမ် ဂရန်ပေါက်ပေမဲ့ ဖယ်ပေးရတာလို့ RFA ကို ပြောပါတယ်။
“အန်တီတို့နေလာတာ ၂၃ နှစ်ရှိပါပြီ။ တခါမှ ဒီလိုဖယ်ရှားမခံရဖူးဘူး။ ဂရန်လည်းပေါက်ပါတယ်။ တချို့တွေ လည်း ဂရန်မရှိဘဲ ဒီအတိုင်းနေနေကြတာရှိပါတယ်။ အန်တီတို့ဆို ဂရန်ပေါက်ပေမဲ့လည်း ဘာမှကိုပြောဆို ညှိနှိုင်းလို့မရဘဲ ဖယ်ရှားခံလိုက်ရတယ်"
လောလောဆယ်မှာတော့ သူတို့မိသားစုဟာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မှီခိုနေရပြီး၊ တာဝန်ရှိသူတွေက အစားထိုးမြေနေရာ ပေးမလားဆိုတာ မျှော်လင့်နေပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့အိမ်တွေမှာ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသားတွေလည်းရှိတဲ့အတွက် အခုလို အိမ်ဖျက်ခံရတဲ့အခါ ကလေးတွေ ကျောင်းမတက်နိုင်ကြတော့ဘူးလို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
“ကလေးတွေဆိုလည်း ကျောင်းဖွင့်ရာသီလည်း ဖြစ်တယ်။ ပြီးတော့ စားဝတ်နေရးကလည်း တအား ကြပ်တည်းတဲ့ ကာလဖြစ်တယ်။ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေ ဖြစ်နေကြတယ်။ အားလုံး ဒုက္ခတွေ ရောက်နေတဲ့ အချိန်မှာ ဒီလိုတွေ လုပ်လို့ကျတော့ ပြည်သူကတော့ နစ်နာမှု များပြားလာတာပေါ့”
NLD အစိုးရလက်ထက်က ရန်ကုန်မြို့မှာ ကျူးကျော်လို့သတ်မှတ်ခံရတဲ့ အိမ်ထောင်စုတစ်သိန်းကျော်ကို ယာယီနေထိုင်ခွင့် စမတ်ကဒ်ထုတ်ပေးထားခဲ့ပါတယ်။ အခုတော့ စစ်တပ်ခန့်အစိုးရအောက်မှာ စမတ်ကဒ်ရထားတဲ့သူတွေလည်းအိမ်ဖျက်ခံနေရတယ်လို့ ပြောကြပါတယ်။
ဖျက်မယ်ဆိုရင်တောင် အစားထိုးပြန်ပေးသင့်တယ်လို့ မြောက်ဥက္ကလာပမြို့ခံတစ်ဦးဖြစ်တဲ့ ကိုသန်းအောင်က ပြောပါတယ်။
“ဘယ်အစိုးရပဲ တက်လာတက်လာ သူလိုချင်တယ်ဆိုရင် ဒီနယ်မြေမှာ ပိုင်ဆိုင်မှု အထောက်ထား ရှိတဲ့သူဆို ထားခဲ့ ပိုင်ဆိုင်မှု အထောက်ထား မရှိတဲ့သူတွေကို ဖယ်။ အခုက ပိုင်ဆိုင်မှု ရှိရှိ မရှိရှိ ဒီမြေသည် သိမ်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သိမ်းနေတာ မတရား အဓမ္မ အများကြီးပဲ အဲဒီလိုမျိုးက မြောက်ဥက္ကလဘက်မှာရော ဟိုးပုလဲဘက်မှာရော ဖြစ်ခဲ့တယ်”
အိမ်တွေဖယ်ရှားလိုက်တာနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ ဦးနေလင်းထွန်းကို RFA က တယ်လီဖုန်း နဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
နှစ်ရှည်နေထားတဲ့သူတွေအတွက် အိမ်တွေကိုဖျက်ရင် အစားထိုးနေရာပေးရမယ်ဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“နိုင်ငံပိုင်မြေ လစ်လပ်ထားတဲ့ မြေ၊ ပလပ်ထားတဲ့မြေပေါ် ကျွန်တော်တို့ တက်နေတယ် နေရင်း နေရင်း နှစ်ပေါင်းများစွာ ကြာလာရင် ဂရန်ချပေးဖို့ သွားလျှောက်လို့ရသွားပြီ။ အနေကြာ ဖြစ်သွားတာ။ အကျုံးဝင်သွားတာပေါ့ အနှစ် ၂၀ အနှစ် ၄၀ ဆို ပြောစရာမလိုတော့ဘူးလေ"
RFA မှတ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး ငါးနှစ်ကျော်အတွင်း ရန်ကုန်တိုင်းမှာ မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ သန်လျင်မြို့နယ်တွေက အိမ် သုံးသောင်း နီးပါး ဖယ်ရှားခံခဲ့ရတာတွေ့ရပါတယ်။
